ကျုံပျော် ဇွန် ၈
အရည်အချင်းပြည့်မီသော မျိုးဆက်သစ်ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် ၂၀၂၄ ခုနှစ်၊ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၃)မြို့နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာကျုံပျော်၊ ရေကြည်နှင့်ကျောင်းကုန်းမြို့နယ်တို့မှ အားကစားအဖွဲ့များက ပြိုင်ပွဲဝင် ကွင်းအတွင်းသို့ ဝင်ရောက်နေရာယူပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုခြင်းနှင့် စစ်ကြောင်းမှူးက ပြိုင်ပွဲဝင်အင်အား သတင်းပို့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက အားကစားယှဉ်ပြိုင်ခြင်းဖြင့် အချင်းချင်းစည်းလုံးညီညွတ်မှုနှင့် စုပေါင်းစိတ်ဓာတ်ကို ရရှိစေမှာဖြစ်ကြောင်း၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ယှဉ်ပြိုင်ကြရန် တိုက်တွန်းပါကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားပြီး၊ အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွတ်ဆိုကာ ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ခဲ့သည်။
ယနေ့ပြိုင်ပွဲတွင် ကျုံပျော်မြို့နယ် အမျိုးသမီးအသင်းနှင့် ရေကြည်မြို့နယ် အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး၊ ကျုံပျော်မြို့နယ်အသင်းက နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကာ ကျောင်းကုန်းမြို့နယ်အသင်းဖြင့် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)