စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) တက်ရောက်

မုံရွာ ဇွန် ၈

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄) ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ ကန့်ဘလူခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်များ၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ များမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသတည်ငြိမ်အေးချမ်းပြီး တရား ဥပဒေစိုးမိုးရေး အပြည့်အဝရရှိရန် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွား ကြရန်လို အပ်ပါကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝမြင့်မား တိုးတက်လာမှာဖြစ်ပါကြောင်း၊ စားရေရိက္ခာ ပေါများရေးအတွက် ဝယ်လိုအားထက်ရောင်းလိုအားများရန်အတွက် ကုန်ပစ္စည်းပေါပေါများများ ဖြင့် ဈေးနှုန်းသက်သာကာ အရေအသွေးမြင့်မားမှုရှိသည့် ထုတ်ကုန်များထုတ်လုပ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ပံ့ပိုးဖြည့်ဆည်းပေးသွားကြရန် လိုအပ် ပါကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများအား မြေပြင်အထိကွင်းဆင်း၍ ကြပ်မတ်ဆောင်ရွက်ပေးသွားကြရန် လိုအပ် ပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများတွင် လည်းတာဝန်ရှိသူများအားလုံးမှ ဝိုင်းဝန်းကူညီဆောင်ရွက်သွား ကြရန်လိုအပ်ပါကြောင်း၊ မိမိတို့ လုပ်ဆောင်နေသည့်လုပ်ငန်းများအပေါ် စေတနာထားကာ တာဝန်ကျေပွန်လိုစိတ်ဖြင့် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာ တွင်လုံခြုံရေးအသိ၊သတိတို့ဖြင့် လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။   

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက (၃/၂၀၂၄) အစည်းအဝေး၌ လမ်းညွှန်မှာကြားချက်များအပေါ် ဌာနဆိုင်ရာများမှ လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေ အနေအား ရှင်းလင်းဆွေးနွေးတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/ မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုံခြုံရေး၊ အုပ်ချုပ်ရေးနှင့် စီမံရေးရာဆိုင်ရာများ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ မြို့သာယာလှပရေးနှင့် မြို့နယ်များအတွင်း အခြေခံ စားသောက်ကုန်များ ရောင်းချပေးနေမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေး၊မွေး မြူရေးနှင့် MSMEs လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်မှုနှင့် ကျောင်အပ်နှံမှုအခြေအနေများအား Power Point ဖြင့် အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် မိမိတို့ခရိုင်များအတွင်းရှိ မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေး နှင့်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြပြီး မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ခရိုင်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် အကောင်အထည်ဖော်ဆောင် ရွက်နေ သည့် လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးဖြည့်စွက်အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)