မုံရွာ ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါ အချက်အလက်များအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မုံရွာမြို့ အမှတ်( ၃ )အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာစစ်ကိုင်းတိုင်းဒေသကြီး လူမှု၀န်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ကလေးသူငယ် အခွင့်အရေး (၄) ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါ၀င်ဆောင်ရွက်ခွင့်များအကြောင်း သိရှိစေရန်နှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက်အလက်များ၊ ကလေးသူငယ်များ မိမိတို့အခွင့်အရေးအပြည့်အ၀ရရှိနိုင်ရန် လိုက်နာရမည့်စည်းကမ်းများ၊ စစ်ကိုင်းတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ကလေးများ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့်ပတ်သက်၍လည်းကောင်း အသီးသီးရှင်းလင်း ပြောကြားခဲ့ပြီး သိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက်ဟောပြောပွဲသို့ တက်ရောက်လာကြသော အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းမှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စုစုပေါင်း အင်အား ၃၀၀ ကျော်အား တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်( ပြန်/ဆက်)