မကွေး ဇွန် ၈
မကွေးတိုင်းဒေသကြီးပညာရေးမှူးရုံး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Lawkanat(Myanmar) Group Co,Ltd. နှင့် ဂျပန်နိုင်ငံ MedPA Fukuoka Association မှ လှူဒါန်းထားသော စာရေးကိရိယာ ပစ္စည်းများအား လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော် ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တရား သူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ တက္ကသိုလ်များမှ ပါမောက္ခချုပ် များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ပညာရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒီကနေ့ကျင်းပတဲ့ အခမ်း အနားမှာ Lawkanat(Myanmar)Group Co,Ltd နှင့် ဂျပန်နိုင်ငံ MedPA Fukuoka Association မှ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများအတွက် အားကစား၊ သင်ထောက်ကူနှင့် လက်တွေ့ခန်းသုံးပစ္စည်းများနှင့် ဗလာစာအုပ်များအား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ ပေးအပ်လှူဒါန်းသွားမှာဖြစ်လို့ ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလို Lawkanat(Myanmar)Group Co,Ltd နှင့် ဂျပန်နိုင်ငံ MedPA Fukuoka Association မှ လှူဒါန်းသော စာရေးကိရိယာပစ္စည်းများကို ဂျပန်နိုင်ငံမှ အလှူရှင်များက လှူဒါန်းပေးတဲ့အတွက် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဖော်ညွှန်းမှုအဖြစ် သတ်မှတ်ပါကြောင်းနှင့်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုလှူဒါန်းတဲ့ ပစ္စည်းများကို မကွေးတိုင်းအတွင်းရှိ မြို့နယ်အားလုံးသို့မျှတစွာ ခွဲဝေပေးသွားမှာဖြစ်ပါကြောင်း၊ နိုင်ငံတော် အနေနဲ့ ကျောင်းနေအရွယ် ကျောင်းသူ၊ ကျောင်းသားတိုင်း KG+9 ပြီးမြောက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို၊ ကျောင်းနေနှုန်းမြင့်မားရေးနှင့် အတန်းစဉ် ကူးပြောင်း နှုန်းတိုးမြှင့်နိုင်ရေးကိုလည်း တာဝန်ရှိသူအားလုံးနဲ့ လက်တွဲပူးပေါင်းဆောင်ရွက် နေကြောင်း အသိပေးလိုပါကြောင်း၊ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလ(၅)တန်ပြည့်ဝရေး၊ ဘက်စုံပညာထူးချွန်ရေးနှင့် ပညာရည်မြင့်မားပြီး ကျန်းမာသန်စွမ်းကာ စိတ်ဓာတ်ကြံ့ခိုင်ပြီး စည်းကမ်းကောင်းသည့် လူတော်လူကောင်းများဖြစ်လာရေးအတွက်လည်း လူငယ်စကားဝိုင်းများ၊ ကင်းထောက်တွေ့ဆုံပွဲများ၊ ပြပွဲပြိုင်ပွဲများကို အလေးထား ကျင်းပပေးလျက်ရှိပါကြောင်း၊ ဒေသအလိုက်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်လာစေရေးအတွက် ခရိုင်ရုံးစိုက်ရာမြို့နယ်များမှာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများကိုလည်း နှစ်စဉ်တိုးချဲ့ဖွင့်လှစ် ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးမှာ ကျောင်းပေါင်း (၈၅)ကျောင်းအထိ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့် အညီ ၂၀၂၄ ခုနှစ်၊ မေ ၂၃ ရက်နေ့မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခဲ့ရာ ယနေ့အချိန်ထိ မကွေးတိုင်းဒေသကြီးအတွင်း အပ်နှံပြီး ကျောင်းသား၊ ကျောင်းသူပေါင်း (၅၂၀၃၅၃)ဦး အပ်နှံခဲ့ပြီး ပုံမှန်ကျောင်းများ ဖွင့်လှစ် တက်ရောက် ပညာသင်ယူနေကြကြောင်း၊ နိုင်ငံတော်အစိုးရအနေနဲ့ ပညာရေးကို အထူးအားပေးဆောင်ရွက်နေချိန်မှာ ပြည်ပနိုင်ငံများမှ ပညာရေးအားပေးတဲ့ အလှူရှင်များ အခုလိုရှိနေတဲ့အတွက် များစွာဝမ်းသာကျေးဇူးတင် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စာရေးကိရိယာများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ Lawkanat(Myanmar) Group Co, Ltd မှ ဦးမိုးမင်းဦး(ခ)ဦးရွှေသွေးက ရှင်းလင်းတင်ပြခဲ့ပြီး၊ လှူဒါန်းသည့် စာရေးကိရိယာ ပစ္စည်းများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ လက်ခံရယူကာ၊ တိုင်းဒေသ ကြီးပညာရေးမှူးက Lawkanat(Myanmar) Group Co,Ltd နှင့် Med PA Fukuoka Association မှ မကွေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများအတွက် အားကစား ပစ္စည်းများ၊ သင်ကြားရေးအထောက်အကူနှင့် လက်တွေ့ခန်းသုံးပစ္စည်းများ၊ ဗလာစာအုပ်များကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှတစ်ဆင့် တိုင်းဒေသကြီးပညာရေးမှူးရုံးသို့ စေတနာ အရင်းခံပြီး ယခုလိုပေးအပ်လှူဒါန်းခြင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အကြီးအကဲများက Lawkanat( Myanmar )Group Co,Ltd နှင့် ဂျပန်နိုင်ငံ MedPA Fukuoka Associationမှ လှူဒါန်းသော စာရေးကိရိယာပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါလှူဒါန်းပစ္စည်းများကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးသို့ မျှတစွာ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်ညီညာ