ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ ရွာသစ်ကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်းသစ်ဖွင့်ပွဲ အခမ်းအနားတက်ရောက်

မြောင်းမြ ဇွန် ၈

 ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြောင်းမြမြို့၊ တောင်ဒီးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် အခြေခံပညာမူလတန်းကျောင်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၄း၀၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့် မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးတို့က ကျောင်းသစ်အား ဖဲကြိုးဖြတ်၍ စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ကြီးနှင့်အဖွဲ့ဝင်များသည် ကျောင်းအတွင်း ပညာသင်ကြားနေမှုအား လှည့်လည်စစ်ဆေးကြည့်ရှု၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိများအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့နယ်တွင် စာသင်ကျောင်း မရှိသေးသည့် ကျေးရွာ(၃)ရွာတွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်း(၃)ကျောင်းကို ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်မှုဖြင့် ဆောက်လုပ်ခဲ့ပြီး၊ ယခုဖွင့်လှစ်သည့် အ.မ.က ရွာသစ်ကျောင်း ဆောက်လုပ်ရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း(၁၀၀) မတည်မှုဖြင့်လည်းကောင်း၊ အ.မ.က စစ်ကုန်း ကျောင်းအား ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း(၁၅၀)ဖြင့်လည်းကောင်း၊ အ.မ.က ကံကုန်း ကျောင်းအား ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း(၅၀)ဖြင့်လည်းကောင်း စေတနာရှင်များ၏ အလှူငွေများဖြင့် ပူးပေါင်း၍ အောင်မြင်စွာ ဆောက်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

 အဆိုပါကျောင်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာဆိုင်ရာများ၊ ကျေးရွာနေ ပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)