မင်းဘူး ဇွန် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ ကျွဲသိုးမြောင်ကျေးရွာအနီးရှိ ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်း၌ ယမန်နေ့ညနေပိုင်းက ဧရာဝတီမြစ်အတွင်း ဘိလပ်မြေ အိတ်ပေါင်း ၅၀၀၀၀ ကျော် တင်ဆောင်လာသော ကုန်တင်ရေယာဥ် တွဲသင်္ဘောယာဥ်တစ်စီး နစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက် ညနေ ၄ နာရီအချိန်ခန့်က မန္တလေးမြို့မှ ဧရာဝတီ မြစ်ကြောင်းအတိုင်း ရန်ကုန်မြို့နေ ဦးအောင်ကြည် ပိုင်ဆိုင်သော တွန်းသင်္ဘော (အောင်ထက်လင်း-၇၊ ၁၃၆၁၀)နှင့် ကုန်တင်ရေယာဥ် တွဲသင်္ဘော OB-512 သည် ရေယာဥ်အုပ်ချုပ်သူ ဦးစိန်ဝင်း (၆၇)နှစ် မန္တလေးတိုင်းဒေသကြီး၊ ၄၅ လမ်း၊ ရတနာပုံမြို့သစ်နေသူ အပါအဝင် (၇)ဦးသည် ၎င်းရေယာဥ်ဖြင့် မန္တလေးမြို့မှ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်သို့ ALPHA အမှတ်တံဆိပ် ဘိလပ်မြေအိတ် အလုံးပေါင်း ၅၁၀၀၀ ခန့်အား တင်ဆောင်၍ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းမောင်းနှင်လာစဉ် မင်းဘူးမြို့နယ်၊ ကျွဲသိုးမြောင်ကျေးရွာအနီးရှိ ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်း၌ တံတား တိုင်အမှတ် P-17 နှင့် P-18 အကြား ရောက်ရှိချိန် တွဲသင်္ဘောနှင့် တွန်းသင်္ဘော ချိတ်ဆက်ထားသည့် ကြိုးများပြတ်တောက်ကာ ကုန်တင်ရေယာဥ်တွဲသင်္ဘော OB-512 က ဧရာဝတီတံတား(မကွေး) တိုင်အမှတ် P-17 ၏ အောက်ခြေအားပွတ်တိုက်မိ၍ ကုန်တင်ရေယာဉ်တွဲသင်္ဘော၏ ဝဲဘက်ခြမ်းပေါက်ပြီး ရေဝင်ကာ တံတားတောင်ဘက် ကိုက် ၃၀၀ ခန့် အကွာတွင် တဖြေးအဖြေးချင်း မျောပါတိမ်းစောင်းပြီး နစ်မြုပ်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ တွန်းသင်္ဘောနှင့် နှစ်မြုပ်သွားသော ကုန်တင်ရေယာဉ်တွဲသင်္ဘောအပေါ်၌ ပါရှိသူများ အားလုံးကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် မင်းဘူးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရာ သင်္ဘောပေါ်၌ ပါရှိသူများအားလုံးနှင့် တွန်းသင်္ဘော (အောင်ထက်လင်း-၇၊ ၁၃၆၁၀) မှာ ကျွဲသိုးမြောင်ကျေးရွာအနီးရှိ ဧရာဝတီမြစ် ကမ်းစပ်သို့ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောက်ရှိခဲ့ပြီး ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ယင်းဖြစ်စဥ်နှင့် ပတ်သက်၍ ဧရာဝတီတံတား(မကွေး) တံတားတိုင်အမှတ် P-17 ထိခိုက် ပျက်စီးမှု ရှိ/မရှိနှင့် ကုန်တင်ရေယာဉ်နှင့် ယာဉ်ပေါ်ပါပစ္စည်းများ၏ ပျက်စီးဆုံးရှုံးမှု တန်ဖိုးများကို မင်းဘူးမြို့မရဲစခန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မင်းဘူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
မောင်မောင်(မင်းဘူး)