ဘုတ်ပြင်း ဇွန် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ မြို့နယ်သစ်တောဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်က ဘုတ်ပြင်းမြို့နယ် ထောင်ခမက်ကျေးရွာအုပ်စု အောက်လိပ်ကျေးရွာ အ.ထ.က အောက်လိပ်ကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာအသိပညာပေးဟောပြောပွဲတွင် အ.ထ.က အောက်လိပ်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မင်းဝါက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးမှူး ဦးဇော်သင်းက အသိပညာပေးဟောပွဲပြုလုပ်ရခြင်းနှင့် ပတ်သက်သည်များ၊ သစ်တောနှင့်ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေး၊ သစ်တောနှင့်ရာသီဥတုပြောင်းလဲမှုဆိုင်ရာများ၊ သစ်တောနှင့်ရေဝေ ရေလဲဒေသ အခြေအနေများ၊ သစ်တော၏အကျိုးကျေးဇူးစသည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဘုတ်ပြင်းမြို့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ပလတ်စတစ်သုံးစွဲမှု လျော့ချရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးစံမွှေးက ငါးသယံဇာတထိန်းသိမ်းရေးနှင့်ပတ်သက်သည်များကို အသီးသီး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အတွက် ခရေပျိုးပင်နှင့် မန်ဂျာရှားပျိုးပင်များကို အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)