ခမောက်ကြီး ဇွန် ၈
ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်၊ ခရိုင်အဆင့်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ တိလောကာရုံစာသင်တိုက်၊ ဘုန်းကြီးကျောင်းဝန်းအတွင်းကျင်းပရာ အဆိုပါအခမ်းအနားသို့ တိလောကာရုံစာသင်တိုက်နာယကဆရာတော်၊ အမှတ်(၂၀) စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးမှူး၊ နယ်မြေရဲစခန်းမှူး၊ ခမောက်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးမည့် ဌာနအသီးသီးမှတာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပျိုးပင်များ ဖြန့်ဝေ ပေးအပ်ခဲ့ပြီး သတ်မှတ်ထားသည့်နေရာများတွင် တစ်ပြိုင်နက်တည်း တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ ပြည်သူများအနေဖြင့် သစ်တောသစ်ပင်၏တန်ဖိုးကို အလေးထားနားလည် ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန်၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်၊ အရိပ်အာဝါသနှင့်မျက်စိပသာဒရှိစေရန်၊ ရာသီဥတုကောင်းမွန်မျှတ၍ အပူဒဏ်ကာကွယ်ရန် ရည်ရွယ်၍ မိုးရာသီ(အကြို)နှင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပလျက်ရှိပြီး အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် မဟော်ဂနီ(၅၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင်၊ မန်ဂျန်ရှား (၂၄၀)ပင်၊ စုစုပေါင်း(၃၄၀)ပင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခမောက်ကြီး(ပြန်/ဆက်)