ဘားအံ ဇွန် ၈
ကမ္ဘာ့နိုင်ငံများတွင် (၁၀)နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူလျက်ရှိပြီး လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသည့် အချက်အလက်များရရှိနိုင်ရန် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် သန်းခေါင်းစာရင်းကောက်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီ၏ (၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းမှရရှိသည့် အချက်အလက်ကိန်းဂဏန်းများမှာ နိုင်ငံတော်၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍအသီးသီးက စီမံကိန်းများချမှတ်ရာတွင် အဓိကထားစံပြုရမည့် အချက်အလက် ကိန်းဂဏန်းများဖြစ်သည့်အတွက် ကော်မတီဝင်များနှင့် သက်ဆိုင်ရာဌာနများမှ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်ပေးကြရန်နှင့် အထူးအလေးထားဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူးဦးကျော်မြင့်က လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ Video Clip ကို ပြသပြီး သန်းခေါင်းစာရင်း ပင်မလုပ်ငန်းစဉ်(၄)ရပ်၊ ဆောင်ရွက်ပြီးနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ သန်းခေါင်စာရင်း ကောက်ကွက်နှင့်စာရင်းစစ်/စာရင်းကောက်လိုအပ်ချက်၊ အတည်ပြုခန့်ထားရမည့် စာရင်းစစ်၊ စာရင်းကောက်အင်အား၊ သင်တန်းဖွင့်လှစ်ပို့ချမည့် အစီအစဉ်နှင့် (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်း တင်ပြပြီး ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ် သန်းခေါင်စာရင်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများက မြို့နယ်အလိုက်မြေပြင်စာရင်း ကောက်ယူပြီးစီးမှု နှင့်ခန့်မှန်းကောက်ကွက်စာရင်းများ၊ သင်တန်းဖွင့်လှစ်မည့်လျာထားနေရာများ အစရှိသည့် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ အစည်းအဝေးသို့ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြပြီး ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ တောင်တန်းသာသနာပြု(ဗဟို)ကျောင်းဓမ္မာရုံ၌ ပြည်နယ်သာသနာရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၃၁)ကြိမ်မြောက် အစိုးရနိကာယ်စာမေးပွဲ ဘားအံစာစစ်ဌာနတွင် ပြည်နယ်အတွင်းရှိ သံဃာတော်များ စာဖြေနေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သံဃနာယကအဖွဲ့နှင့် ကြီးကြပ်ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများ လျှောက်ထားတင်ပြပြီး ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ အစိုးရနိကာယ်စာမေးပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အလှူငွေကျပ်(၁၀)သိန်းကို ဥပသကာတစ်ဦးထံထောက်ပံ့ လှူဒါန်းခဲ့သည်။
(၃၁)ကြိမ်မြောက်အစိုးရနိကာယ်စာမေးပွဲ ဘားအံစာဖြေဌာန(ကရင်ပြည်နယ်)တွင် မဟာဝိဒူတန်း အုပ်စု(၁)၌ ၄ ပါး၊ ဝိဒူတန်းအုပ်စု(၁)၌ ၁၀၁ပါး၊ ဝိဒူတန်းအုပ်စု(၂)၌ ၁၁ ပါး၊ ဝိဒူတန်းအုပ်စု(၃) ၂ ပါး၊ ဝိဒူတန်းအုပ်စု(၅) ၁၉ ပါး၊ ဝိဒူတန်းအုပ်စု(၈)၌ ၈ ပါး၊ ဝိဒူတန်းအုပ်စု(၉)၌ ၁ ပါး စုစုပေါင်း ၁၄၆ ပါးက ဇွန်လ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)