ကြံခင်း ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မုခ်ထုတ်ကျောင်းတိုက်၌ ဖွင့်လှစ်ခဲ့သော မေတ္တာရှင်လူငယ်ဖွံ့ဖြိုးရေးပရဟိတ (၄၂)နှစ်ပြည့်နှင့် ဘုန်းတော်ကြီးသင်ပညာရေး (၃၁)နှစ်ပြည့် အထိမ်းအမှတ် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်၊ ကျောင်းဖွင့်ပွဲ အခမ်းအနားနှင့် စာအုပ်၊ စာရေးကိရိယာ၊ ကျောင်းဝတ်စုံများ လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်က အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)ဦးဇော်မင်း၊ မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်သဉ္ဇာဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ မိဘများက"နမောတဿ"သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီးနောက်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက် ဆရာတော်ဦးဝါယမထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် မုခ်ထုတ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာဝံသက ဩဝါဒစကားမိန့်ကြားပါသည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးဇော်မင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်ပွဲကျင်းပခြင်းနှင့်ပတ်သက်၍ ပြောကြားပြီး၊ မြို့နယ်ပညာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေးက (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်အတိုင်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၁၂၄)ကျောင်းရှိရာ ရာနှုန်းပြည့်ကျောင်းအပ်နှံနိုင်ရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ဆရာ/မိဘပူးပေါင်းဆောင်ရွက်ရေးနှင့် ကျောင်းများဖွင့်လှစ်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ဘုန်းတာ်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများအတွက် သက်ဆိုင်ရာ ဆရာမများထံသို့ ကျောင်းသုံးဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများအား တာဝန်ရှိသူများက ပေးအပ်ကြပြီးနောက်၊ ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဌတု" (၃) ကြိမ်ရွတ်ဆိုပြီးမြောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)