ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူး ဇွန်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇွန်လ()ရက်နေ့၊ နံနက်ပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး) ဧရိယာအတွင်း ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် ရာသီဥတုမျှတကောင်းမွန်ပြီး တိုင်းပြည်၏ စိုက်ပျိုးသီးနှံများကို အဓိကထုတ်လုပ်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်သည့်အပြင် အရှေ့အနောက် ပိုင်းခြားထားသည့် ပဲခူးရိုးမကြီးပိုင်ဆိုင်ထားပြီး သစ်မျိုးစုံပေါက်ရောက်ရာ၊ သားငှက်တိရစ္ဆာန်များ မှီတင်းနေထိုင်ရာ နေရာတစ်ခုလည်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးဧရိယာ တစ်ခုလုံး၏ (၄၂) ရာခိုင်နှုန်းကျော်သည် အမြဲစိမ်းသစ်တောများ ဖုံးလွှမ်းလျက်ရှိပြီး လျော့နည်း သွားခဲ့ရသည့် သစ်တောဧရိယာများတွင် အဖိုးတန် ကျွန်း၊ ပျဉ်းကတိုး၊ ယမနေစသည့် သစ်မျိုး များအား နိုင်ငံတော်မှ အကုန်အကျခံ၍ နှစ်စဉ်စိုက်ပျိုးလျက်ရှိကြောင်း၊ သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက် ပေးခြင်းသည် လူသားအကျိုး စီးပွားအပြင် နောင်အနာဂတ်အတွက် ကောင်းမွန်သော လူ့မှုဘဝ ပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ သစ်တောသစ်ပင်များ စိုက်ပျိုးပေးခြင်း၊ ပြုစု ပျိုးထောင်ပေးခြင်းဖြစ်အားဖြင့် ဒေသတွင်း တည်ဆောက်ပြီးဖြစ်သည့် ဆည်တာတမံများ အတွင်းသို့  နှုန်းပို့ချမှုအား လျော့နည်းကျဆင်းစေပြီး ဆည်တာမံများ၏ သက်တမ်းအား ကြာရှည် တည်တံ့စေနိုင်မှာဖြစ်ကြောင်း၊ ယခုလို သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပခြင်းအားဖြင့် ပြည်သူ လူထု၏ အသိစိတ်ဓာတ်တွင် နောင်သားစဉ်မြေဆက်အတွက် သစ်ပင်စိုက်ပျိုးလိုသည့် အသိစိတ်ဓာတ်များ မြင့်မားလာပြီး ရေ၊ မြေထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတု သာယာမျှတရေးအတွက် သစ်ပင်များ စိုက်ပျိုးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံ ပြည်သူများ၊ ကျောင်းသား/သူများက သတ်မှတ်နေရာ အသီးသီး၌ သစ်ပင်များစိုက်ပျိုးပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က တက်ရောက်လာသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးတက္ကသိုလ် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ များ၏ သစ်ပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီး၌ ၂၀၂၄ ခုနှစ်၊ မေလမှစ၍ မိုးရာသီအကြို သစ်ပင် စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်နိုင်ခဲ့ပြီးနှင့် ဇွန်လနှင့် ဇူလိုင်လအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး သစ်ပင်ပေါင်း (၁၄)သိန်းကျော် စိုက်ပျိုးရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)