ဘားအံ ဇွန် ၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တိုအတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းများကို အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ဘားအံမြို့ရှိ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းဖြင့် အောင်မြင်နေသည့် ရွှေမုဒြာသဘာ၀ဆပ်ပြာထုတ်လုပ်ငန်း အမျိုးသမီးလုပ်ငန်းရှင် ဒေါ်ငြိမ်းဝင်းသန်းနှင့် တွေ့ဆုံမေးမြန်းမှုကို တင်ပြလိုက်ပါသည်။
အမေး။ အစ်မအမည်နဲ့အစ်မလုပ်ငန်းရဲ့နာမည်လေးကို မိတ်ဆက်ပေးပါဦးရှင့်။
အဖြေ။ ကျွန်မနာမည်က ဒေါ်ငြိမ်းဝင်းသန်းပါ၊ လုပ်ငန်းနာမည်က ရွှေမုဒြာသဘာဝဆပ်ပြာထုတ်တဲ့ လုပ်ငန်းပါရှင့်။
အမေး။ အစ်မဒီလုပ်ငန်းကို ဘယ်အချိန်က စတင်ပြီးလုပ်ခဲ့ပါသလဲရှင့်။
အဖြေ။ ဒီလုပ်ငန်းကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလက စတင်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
အမေး။ ရွှေမုဒြာကနေပြီး ဘားပစ္စည်းအမျိုးအစားကို အဓိကထုတ်ပါသလဲ။
အဖြေ။ ရွှေမုဒြာက အဓိကထုတ်လုပ်တာက နှစ်မျိုးရှိပါတယ်၊ လူသုံးကုန်နဲ့ အလှကုန်နှစ်မျိုးကို ထုတ်လုပ်ပါတယ်ရှင့်။
အမေး။ လူသုံးကုန်မှာ ဘယ်လိုပစ္စည်းအမျိုးအစားတွေ ရှိပါသလဲ။
အဖြေ။ လူသုံးကုန်မှာက အဝတ်လျှော်ရေမွှေးဆပ်ပြာအဆီနဲ့ ဘက်စုံသုံးအထူးဆပ်ပြာအဆီကိုထုတ်ပါတယ်။
အမေး။ လူသုံးကုန်မှာရော ဘယ်လိုပစ္စည်းအမျိုးအစားတွေရှိပါသလဲ။
အဖြေ။ အလှကုန်မှာကျတော့ သဘာဝမျက်နှာသစ်ဆပ်ပြာရှိပါတယ်၊ အဲ့ဒီသဘာဝမျက်နှာသစ်ဆပ်ပြထဲမှာမှ (၅)မျိုးခွဲထုတ်ထားပါတယ်၊ သဘာဝဆီးဖြူသီးဆပ်ပြာ၊ ကော်ဖီနနွင်းဆပ်ပြာ၊ သဘာဝရှားစောင်း လက်ပတ်ဆပ်ပြာ၊ ဒိန်ချဉ်ဆပ်ပြာ၊ သင်္ဘောရွက်ဆပ်ပြာ(၅)မျိုးရှိပါတယ်၊ နောက်ပြီး သဘာဝခေါင်းလျှော်ရည်နဲ့ သဘာဝပျားရည်ကော်ဖီ Scrub ဆပ်ပြာလည်းထုတ်ပါတယ်ရှင့်။
အမေး။ ထုတ်လုပ်သည့် ပစ္စည်းအမျိုးအစားအားလုံးပေါင်း ဘယ်နှစ်မျိုးရှိပါသလဲရှင့်။
အဖြေ။ ထုတ်လုပ်သည့် ပစ္စည်းအမျိုးအစားက လက်ရှိ(၉)မျိုးလောက်ရှိပါတယ်ရှင့်။
အမေး။ ထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းလေးတွေကိုလည်းသိပါရစေရှင့်။
အဖြေ။ ကျွန်မတို့ ရွှေမုဒြာက သဘာ၀ထုတ်ကုန်ပစ္စည်းများနဲ့ ထုတ်လုပ်ထားပြီး အခြေခံလူတန်းစားများပါ သုံးလို့ရအောင် အရည်အသွေးလည်းကောင်းပြီး ဈေးနှုန်းလည်းသင့်အောင် ကြိုးစားပြီးထုတ်ပေး ထားပါတယ်ရှင့်။
အမေး။ ရွှေမုဒြာကထုတ်တဲ့ ထုတ်ကုန်တွေကို ဈေးကွက်ဘယ်လိုမျိုးဖြန့်ပါသလဲရှင့်။
အဖြေ။ ဈေးကွက်ကတော့ ကရင်ပြည်နယ် ဒေသတော်တော်များများကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ပါတယ်ရှင့်၊ ရန်ကုန်၊ နေပြည်တော်၊ မွန်ပြည်နယ်၊ ပဲခူးဘက်ခြမ်းမှာလည်း နည်းနည်းစီရောက်နေပါပြီရှင့်။
အမေး။ ဒီလုပ်ငန်းကို စတင်လုပ်ဖြစ်ခဲ့ပုံကိုလည်း သိပါရစေ။
အဖြေ။ ဒီလုပ်ငန်းစတင်လုပ်ဖြစ်ခဲ့ပုံက ပထမစစချင်းမှာတော့ ကိုယ့်မိသားစုတွေ ဆွေမျိုးတွေသုံးဖို့ ထုတ်တာဖြစ်ပါတယ်၊ မိသားစုတွေ၊ ဆွေမျိုးသူငယ်ချင်းတွေ လက်ဆောင်ပေးသုံးတယ်၊ သုံးရင်းနဲ့ အကြံပေးကြတယ်၊ ဒါမျိုးတွေထုတ်ပါ၊ အကျိုးလည်းဖြစ်တယ်၊ ကရင်ပြည်နယ်မှာ ဒေသထွက်ကုန်တွေ ကလည်းရတော့ ဒီလုပ်ငန်းကိုစိတ်လည်းဝင်စားလာတယ်၊ အဲ့တာနဲ့လုပ်ဖြစ်သွားတာပါ။
အမေး။ အလှကုန်ပစ္စည်းတွေရဲ့ ဆက်စပ်ပစ္စည်းတွေကို ဘယ်ကနေဝယ်ယူပါသလဲရှင့်။
အဖြေ။ ဆက်စပ်ပစ္စည်းတွေက နိုင်ငံခြားက FDA ရပြီးသားကို ဝယ်ဖြစ်ပါတယ်ရှင့်၊ ဒေသထွက်ကျတော့ ကော်ဖီမှုန့်ဆိုရင် သံတောင်ဒေသထွက်ကော်ဖီမှုန့်ကို သုံးပါတယ်ရှင့်၊ ပျားရည်ဆိုရင် ကရင်ပြည်နယ်၊ ဒေါနတောင် လှိုင်းဘွဲဘက်ခြမ်းက ပျားရည်စစ်စစ်ကိုမှာယူသုံးစွဲပါတယ်၊ Scrub မှာပါဝင်တဲ့ ပင်လယ်ဆားဆိုရင် မွန်ပြည်နယ်ဒေသထွက် ပင်လယ်ဆားကို သုံးပါတယ်ရှင့်။
အမေး။ ရွှေမုဒြာကထုတ်တဲ့ အလှကုန်ပစ္စည်းတွေရဲ့ တစ်မျိုးစီအလိုက်သုံးစွဲသူအတွက် ရရှိမယ့် အကျိုးကျေးဇူးလေးကိုလည်း ပြောပါပေးပါဦးရှင့်။
အဖြေ။ အစ်မတို့ထုတ်တဲ့ဆပ်ပြာငါးမျိုးလုံးက ကလေး(၆)နှစ်ကနေစပြီး သုံးလို့ရပါတယ်၊ အဘိုးအဘွား အရွယ်ထိ ယောက်ျားလေး၊ မိန်းကလေး လူမျိုးဘာသာမရွေးသုံးလို့ရပါတယ်၊ ကော်ဖီနနွင်းလေးက အသားအရည်မညီတာအတွက် သုံးလို့ရပါတယ်၊ ကော်ဖီဆိုတော့ ကော်လဂျင်သဘာဝမျိုးပေါ့ အသားအရည်ပြန်လည်နုပျိုစေတယ်၊ ဝက်ခြံအတွက်လည်းကောင်းတယ်၊ အသားအရည်အရွယ်တင် နုပျိုစိုပြေလှပစေပါတယ်၊ နောက်ပြီး သဘာဝဆီးဖြူသီးဆပ်ပြာက အဓိကတင်းတိတ်တို့အမဲစက်တို့အတွက် ကောင်းပါတယ်ရှင့်၊ အသားအရည်ဖြူဖွေးပြီး စိုပြည်လှပစေပါတယ်ရှင်၊ နောက်တစ်မျိုးက သဘာဝရှားစောင်းလက်ပတ်ဆပ်ပြာပါ သဘာဝရှားစောင်းလက်ပတ်က အသားအရည်ကြည်လင်တယ်၊ ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံအတွက်ကောင်းတယ်၊ အသားအရည် Sensitive ဖြစ်တဲ့သူတွေအတွက်လည်း ကောင်းပါတယ်ရှင့်၊ နောက်တစ်မျိုးက သဘာဝနို့ဒိန်ချဉ်ဆပ်ပြာပါ၊ အိမ်လုပ်ဒိန်ချဉ်အစစ်နဲ့ ထုတ်လုပ်ထားပါတယ်၊ နို့ဒိန်ချဉ်ဆပ်ပြာက အသားအရည်စိုပြေစေတယ်၊ အသားကိုသဘာဝအတိုင်းဖြူစေတယ်၊ အမဲစက်သေးသေးလေးအတွက်လည်းကောင်းတယ်၊ အသားအရည်ခြောက်တဲ့သူတွေအတွက်လည်း သင့်တော်ပါတယ်ရှင့်၊ သဘာဝသင်္ဘောရွက်ဆပ်ပြာက သင်္ဘောရွက်အစစ်ကနေထုတ်လုပ်ထားပြီး ဝက်ခြံအတွက် အထူးကောင်းမွန်ပါတယ်ရှင့်၊ အသားအရည်အတွက်လည်း စိုပြည်ချောမွေ့လှပစေပါတယ်ရှင့်။
အမေး။ လူသုံးကုန်ဆပ်ပြာတွေကို ဘယ်လိုမျိုးထုတ်လုပ်ထားပါသလဲရှင့်။
အဖြေ။ လူသုံးကုန်ဆပ်ပြာရည်က (၂)မျိုးရှိပါတယ် အဝတ်လျှော်ရေမွှေးဆပ်ပြာအဆီနဲ့ ဘက်စုံသုံးအထူး ဆပ်ပြာအဆီပါရှင့်။
အမေး။ နိုင်ငံတော်အစိုးရအနေနဲ့ MSME လုပ်ငန်းတွေကို အားပေးလျက်ရှိပါတယ်၊ ကိုယ့်ဒေသမှာရှိတဲ့ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းတွေကိုအားပေးဖို့ လမ်းညွှန်မှာကြားထားတာတွေ လည်းရှိပါတယ်၊ MSME လုပ်ငန်းနဲ့ ဆက်စပ်ဌာနတွေကလည်း အစ်မတို့ကို ဘယ်လိုပံ့ပိုးပေးမှုတွေရှိပါသလဲ။
အဖြေ။ အများကြီးပံ့ပိုးပေးမှုရှိပါတယ်၊ ကျွန်မတို့အသုံးပြုတဲ့ပစ္စည်းတွေကို ဓာတ်ခွဲဖို့လည်းကူညီပေးပါတယ်၊ စက်မှုကြီးကြပ်ဌာနကလည်း ဈေးပွဲတော်တွေမှာ အရောင်းပြခန်းများ ပါဝင်စေတဲ့အတွက် ဈေးကွက်တွေ ရရှိခဲ့ပါတယ်။
အမေး။ ရွှေမုဒြာရဲ့လူသုံးကုန်နဲ့ အလှကုန်ပစ္စည်းတွေ ဈေးကွက်ချဲ့မယ့် အစီအစဉ်လေးကိုလည်း သိချင်ပါတယ်ရှင့်။
အဖြေ။ ကျွန်မတို့ဈေးကွက်ချဲ့ဖို့ အစီအစဉ်ရှိပါတယ်ရှင့်၊ ကရင်ပြည်နယ်ဒေသထွက်ကုန်ဆိုပြီး မြန်မာနိုင်ငံကနေပြီး ပြည်ပကို Export အထိ ရည်ရွယ်ထားပါတယ်ရှင့်။
အမေး။ အစ်မတို့လုပ်ငန်းရှိတဲ့နေရာလေးကိုလည်း ပြောပြပေးပါဦးရှင့်။
အဖြေ။ လုပ်ငန်းရှိတဲ့နေရာက မဲဘောင်-နောင်ပလိန်လမ်း လှာကမြင်ကွက်သစ်မှာပါရှင့်။
အမေး။ ရွှေမုဒြာရဲ့ထုတ်ကုန်တွေကို သုံးစွဲနေသူများကို အစ်မဘာများ ပြောချင်ပါသလဲရှင့်။
အဖြေ။ ရွှေမုဒြာကို သုံးစွဲနေတဲ့မိဘပြည်သူများအားလုံးကို ရွှေမုဒြာမိသားစုက ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။
ဘားအံခရိုင်(ပြန်/ဆက်)
တွေ့ဆုံမေးမြန်းသူ- ဒေါ်စိုးစိုးအေး(လက်ထောက်ညွှန်ကြားရေးမှူး)
ဓာတ်ပုံ-နော်ဖူးအိအိအောင်