ထားဝယ် ဇွန် ၇
၂၀၂၄-၂၀၂၅ ခု၊ ပညာသင်နှစ်တွင် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တက္ကသိုလ်အဆင့်နှင့် အခြေခံပညာကျောင်းများသို့ တက်ရောက်ကြမည့် ဝန်ထမ်းသား/သမီး ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက ပညာသင်ထောက်ပံ့ကြေးပေးအပ်ရခြင်း သည် ပြည်စုံစွာ မဟုတ်သော်လည်း ဝန်ထမ်းများကို တစ်စိတ်တစ်ဒေသထောက်ပံ့ပေးရသလို ဝန်ထမ်းသားသမီးများအား မြှင့်တင်ရာရောက်ကြောင်း၊ ပညာသင်ထောက်ပံ့ကြေးများကို အမြဲတမ်း အဆင်ပြေအောင် ဌာနအနေဖြင့် ရန်ပုံငွေတစ်ရပ်ထူ ထောင်ပြီးစည်းမျဉ်းစည်းကမ်းများဖြင့် ထောက်ပံ့ပေးအပ်ရန်လိုအပ်ကြောင်း၊ ဝန်ထမ်းများသက်သာချောင်ချိရေး အတွက်လစဉ်ထောက်ပံ့ ပေးအပ်မှုအနေဖြင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဝန်ထမ်းများအတွက် လစဉ်ပေါ်ဆန်းမွှေးဆန် ၃ ပြည်နှင့်ဆီ ၁ လီတာ ၁ ဘူးတို့အား ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း၊ နောင်လာမည့် ပညာသင်နှစ်တွင် ယခုနှစ်ထက်ပို၍ ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ပညာသင်ကြားနေသော ဝန်ထမ်းသားသမီးများ အနေဖြင့်လည်း ထူးချွန်စွာဖြင့် စာမေးပွဲအောင်မြင်နိုင်ရေး ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိဘများအနေ ဖြင့် “လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖ” ဆိုသလို မိမိတို့၏ သား/သမီးပညာရေးတွင် ထူးချွန်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ကလေးငယ်များသည် နောင်အနာ ဂတ် လှပနိုင်ရေးအတွက်ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ဝန်ထမ်းအကြီးအကဲများနှင့် ဝန်ထမ်းများအားလုံး ရင်းနှီးချစ်ခင်ပျော်ရွင်စွာဖြင့် နိုင်ငံအကျိုး၊ တိုင်းဒေသကြီးအကျိုး၊ ဒေသအကျိုး ထမ်းဆောင်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့က တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တက္ကသိုလ်တက်ရောက်ပညာသင်ကြားနေသူ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီး စုစုပေါင်း(၃၈)ဦး၊ အထက်တန်းအဆင့်(၁၄)ဦး၊ အလယ်တန်းအဆင့်(၁၆)ဦး၊ မူလတန်းအဆင့်(၅၀)ဦး၊ မူကြိုအဆင့်(၁၂)ဦး၊ ဝန်ထမ်းများနှင့် ဝန်ထမ်းသား/သမီး စုစုပေါင်း (၁၃၀)ဦးတို့အတွက် ချီးမြှင့်ငွေကျပ် (၅,၂၁၀,၀၀၀/-) (ကျပ် ငါးဆယ်နှစ်သိန်းတစ်သောင်း တိတိ) အား ချီးမြှင့်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)