ပွင့်ဖြူ ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင်ပြုရန်ပုံငွေဖြင့် ဇွန် ၄ ရက် ၊ နံနက်ပိုင်းက စတင်၍ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော်ဖောက်လုပ်ရန်အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ပုံငွေကျပ် ၅၄ ဒသမ ၀၂၀ သန်း ခွင့်ပြုချထားပေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးးဦးစီးဌာနမှ တာဝန်ယူ၍ ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်ဖြင့် လက်ပံချည်ပေါ် ကျေးရွာ၌ လမ်းအရှည် သုည / ၃ ဒသမ ၄၈၅ မိုင်အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ထု တစ်ပေ ၉ လက်မ နှင့် လမ်းအရှည် သုည / ၄ ဒသမ ၀၉ မိုင်အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့်ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ်လမ်း အမျိုးအစားကျေးလက်ကုန်ထုတ်လမ်းကို Pipe Culvert (၁)စင်းထည့်သွင်းပြီး လုပ်ငန်း(၂)ပိုင်းခွဲ၍ ဇွန်လ ၄ ရက်နေ့ကစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ရန်အတွက် လမ်းမျက်နှာပြင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။ ယင်း ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေးပြည့်မီစေရေး မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်၏ ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာ ဝန်ထမ်းများက ကွင်းဆင်းကြီးကြပ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လက်ပံချည်ပေါ်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာ(၅)ရွာရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးလယ်မြေဧက ၁၅၀ အတွက် ရာသီမရွေးအဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းနှင့် လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)