ရွှေတောင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရွှေတောင် ဇွန် ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ကြာနီကန်ရပ်ကွက်အတွင်း၌ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိခင်ကလေးဌာနမှ သားဖွားဆရာမများ၊ (မြို့နယ်ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သော ရောဂါကာကွယ်နှိမ်နင်းရေးအဖွဲ့) မှ ဝန်ထမ်းများနှင့် ပြည်သူ့ကျန်းမာရေး နေ့စားဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်/အုပ်စု ရာအိမ်မှူးများ ရပ်မိရပ်ဖများစုပေါင်း၍ သွေးလွန်တုပ်ကွေးကာကွယ်နှိမ်နင်းရေးများကို မြို့ပေါ် ရပ်ကွက်များ၊ ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျေးရွာများတွင် ကျန်းမာရေးပညာပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ၊ ကွင်းဆင်းဟောပြောပွဲဆွေးနွေးခြင်းလုပ်ငန်းများအား အပတ်စဥ် သောကြာနေ့တိုင်း ပြုလုပ်ဆောင်ရွက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)