ဒေးဒရဲမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး(Drum Seeder)အသုံးပြု၍ မျိုးစေ့ချပွဲကျင်းပ

ဒေးဒရဲ ဇွန် ၇

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် တစ်ဧကစပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေး၊ လယ်ယာလုပ်သားရှားပါးမှုနှင့် ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများကျော်လွှား၍ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်းပြီးစီးနိုင်သော မျိုးစေ့ချကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးနည်းစနစ်ကို တောင်သူများကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးရာသီ၌ (Drum Seeder) အသုံးပြု၍ မျိုးစေ့ချစိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ချောင်းဖျားကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၂၄၈)၊ ဦးပိုင်အမှတ်(၈/၃)ရှိ တောင်သူဦးဝင်းမြင့်အောင်၏ လယ်မြေ(၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချပွဲအခမ်းအနားကို မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးဇင်မောင်မောင်နှင့် ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်လေ့လာအားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

၎င်းမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချစိုက်ပျိုးခြင်းဖြင့် စပါးကြဲခင်းထက် မျိုးစေ့နှုန်းလျှော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မလိုအပ်ခြင်းကြောင့် ပျိုးပင်ထိခိုက်မှုသက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြှပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး လုပ်သားသုံးစွဲမှုလျော့နည်းစေကာ လောင်စာဆီသုံးစွဲရန်မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေပြီး ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်းကြောင့်   စီးပွားရေးတွက်ချေကိုက်သည့် စိုက်ပျိုးနည်းစနစ်အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်စေရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder)အသုံးပြုနည်းအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

အေဇာလင်း