ကျုံပျော် ဇွန် ၇
ပြည်သူများအသိပညာဗဟုသုတ တိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကဦးဆောင်ကာ စာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အောင်ဆန်းရပ်ကွက်ဓမ္မာရုံစာကြည့်တိုက်၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နံရံကပ်စာစောင်ပြပွဲအားပြုလုပ်ရာ ရပ်ကွက်အတွင်းရှိ ပြည်သူများ စိတ်ဝင်စားစွာ ဖတ်ရှုလေ့လာကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများနှင့် နံရံကပ်စာစောင်တွင် ပြသထားသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးရှောင်ရှားရေး ပညာပေးကိစ္စများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သန်းသန်းစိုးက စာဖတ်ခြင်းဖြင့်ရရှိစေမည့် အကျိုးကျေးဇူးများကို စာဖတ်သူနှင့် စာမဖတ်သူ ကွာခြားချက်၊ စာတတ်သူတိုင်း စာဖတ်ကြရန်နှင့် မိမိဌာန၏ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးဟောပြောခဲ့ကြောင်း အဆိုပါအသိပညာပေးလုပ်ငန်းဆောင်ရွက်ရာသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)