စလင်း ဇွန် ၇
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက်(၉) နာရီအချိန်မှ စတင်ကာ၊ မြေမိကုန်းရပ်ကွက်နှင့် ဆုံကုန်းကျေးရွာအုပ်စု(၂)အုပ်စုတို့အား ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
စလင်းမြို့နယ်အတွင်းရှိ တောင်သူများ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်၍ လုပ်ကိုင်နိုင်စေရန်နှင့် တောင်သူဦးကြီးများ စိုက်ပျိုးရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ယခင်စိုက်ပျိုးစရိတ်ချေးငွေမကျန်ရှိသူများကို အတိုးနှုန်း(၅)ရာခိုင်နှုန်းဖြင့် ဦးစားပေးထုတ်ပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် ချေးငွေကျပ်(၁၅၀၀၀၀)နှုန်းဖြင့် ထုတ်ပေးခဲ့ရှိကြောင်း သိရသည်။
စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီ၌ မေလဒုတိယအပတ်မှ စတင်ကာ စလင်းမြို့နယ် မြောက်ရှားတောကျေးရွာအုပ်စု၊ သရက်ချဥ်ကျေးရွာအုပ်စု၊ ဂွေးပင်စင်ကျေးရွာအုပ်စု၊ စျေးမရပ်ကွက်၊ လက်မဲကျေးရွာအုပ်စု၊ ဇယ်တွင်းကျေးရွာအုပ်စု၊ ရွာမှတ်ကျေးရွာအုပ်စု၊ ရုံးပင်ကန်ကျေးရွာအုပ်စုတို့မှ တောင်သူများအား လယ်ယာလုပ်ငန်းခွင်သုံး စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူအသုံးပြုဆောင်ရွက်နိုင်ကြစေရန် တောင်သူ(၄၄၉)ဦး၊ စိုက်ပျိုးဧက(၁၈၉၆)ဧကအတွက်၊ ချေးငွေကျပ်သိန်း(၂၇၉၇)သိန်းအား၊ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း၊ ယနေ့နံနက်ပိုင်းတွင် ဆုံကုန်းကျေးရွာအုပ်စုမှ တောင်သူများနှင့်၊ မြေမိကုန်းရပ်ကွက်မှ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိပြီး၊ ကျန်ရှိနေသေးသည့် ၂၀၂၃-၂၀၂၄ စိုက်ပျိုးရာသီတွင် ချေးငွေဆပ်ပြီး ကျေးရွာအုပ်စုများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
မောင်လွင်(စလင်း)