ပဲခူး ဇွန် ၇
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ မဇင်း(၁)လမ်းထိပ်မီးပွိုင့်အနီး၊ အ.ထ.က(ခွဲ)(၅)ကျောင်းအနီးတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်းစာရင်းကောက်ကြစို့" အသိပညာပေးမြေစိုက်ပိုစတာ Bill Board ဆိုင်းဘုတ်အား ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုး၊ ပဲခူးခရိုင်ပညာရေးမှူး ဒေါ်မာမာစု၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူးဒေါ်ဝင်းဖြူဖြူနှင့် မြို့နယ်ဦးစီးမှူးဦးဝင်းမြတ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ မြေစိုက်ပိုစတာအားအမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒေသတွင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းဦး၊ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုး၊ ပဲခူးမြို့နယ်ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ ပဲခူးခရိုင်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီးကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)