နတ်တလင်း ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက (၁၁၀၂၆၂) ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် ဆင်းသုခ၊ ရတနာတိုး၊ ဗီယက်နမ်၊ မှော်ဘီ-၃၊ ထိုင်းနှံကောက်၊ ရက်-၉၀ စသည့် စပါးမျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ပျိုးထောင်စိုက်ပျိုးခြင်း (၄၈၉၃၇)ဧက၊ ရိုးရိုးပျိုးထောင်စိုက်ပျိုးခြင်း (၄၂၈၅၅)ဧက၊ ဘောင်ပျိုး (၂၉၂၅)ဧက၊ မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးခြင်း (၆၁၃၂၅) ဧက၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း (၃၁၅၇)ဧက စုစုပေါင်းမိုးစပါးစိုက်ဧက (၁၁၀၂၆၂) ဧကကို လျာထားဆောင်ရွက်လျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်းတိုးတက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပြီး စပါးအထွက်နှုန်းတိုးတက်ရေးအတွက် အသုံးပြုသည့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ ချိန်ကိုက်အချိုးကျထည့်သွင်းနိုင်ရေး၊ စပါးဆားရည်စိမ်နည်း၊ စပါးအဖျက်ပိုးမွှားအန္တရာယ် စနစ်တကျ ကာကွယ်နှိမ်နင်းရေးတို့အတွက် ပညာပေးသင်တန်းများ၊ ဆွေးနွေးပွဲများဆောင်ရွက်ပေးလျက်ရှိပြီး အခြားသီးနှံများစိုက်ပျိုးရာတွင်လည်း တောင်သူများအခက်အခဲမရှိစေရေးနှင့် နည်းစနစ်များ မှန်ကန်စေရေးအတွက် တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)