ဇီးကုန်း ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေး အသိပညာပေး ဆွေးနွေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း(အ.ထ.က- ဇီးကုန်း)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဇီးကုန်းမြို့နယ် ဒုတိယမြို့နယ် ပညာရေးမှူး ဦးရဲထွဋ်ဦးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး (အဆင့်-၁) ဦးသိန်းလှိုင်က ခြင်မှတစ်ဆင့် ဆင်ခြေထောက်ရောဂါဖြစ်ပွားပုံ၊ ရောဂါလက္ခဏာများအကြောင်း၊ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ အမြစ်ပြတ်အောင် သန်ကောင်များ သုတ်သင်ရှင်းလင်းရာတွင် အလွန်ထိရောက်ကြောင်းကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြော၍ မြို့နယ်အတွင်းရှိ ပြည်သူများအားလုံး ဆင်ခြေထောက်ရောဂါ ကင်းဝေးစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆေးတိုက်ကျွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်ဆက်)