ပန်းတောင်း ဇွန် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အောင်ကုဋေတိုး ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် စာကြည့်တိုက်များဖွင့်လှစ်ထားရှိမှု အခြေအနေအား ယမန်နေ့ နေ့လယ်(၁:၀၀)နာရီအချိန်က မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသိန်းဒန်နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးဒေါ်သင်းသင်းအေးနှင့် ဝန်ထမ်းများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသိန်ဒန်က ယနေ့ခေတ် ကျောင်းသား/သူများ စာတတ်ရုံ၊ အတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့် ဗလငါးတန်ပြည့်ဝသော လူငယ်များပေါ်ထွက်လာစေရေး ဆရာ ဆရာမများက ကြိုးစားဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက စာကြည့်တိုက်စီမံခန့်ခွဲမှုလုပ်ငန်းများနှင့်ပတ်သက်၍ စာကြည့်တိုက်မျိုးတူစုထားရှိမှု၊ ကတ်တလောက်ရေးသွင်းထားရှိမှု၊ စာစု၊ စာပြု၊ စာငှားလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စာပေပစ္စည်းထိန်းသိမ်းနည်းနှင့်ပတ်သက်၍လည်းကောင်း၊ စံ(၅)ရပ်နှင့် ကိုက်ညီသော စာကြည့်တိုက်များ ရေရှည်တည်တံ့ရေးစဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်ပြောကြားခဲ့သည်။
လပြည့်လင်း(ပြန်/ဆက်)