သာပေါင်း ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် အခြေခံပညာကျောင်းများ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေးအတွက် ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၏ ဦးဆောင်မှုဖြင့် ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်း (မိခင်နှင့်ကလေး ကျောင်းကျန်းမာအာဟာရ) နှင့် ဝန်ထမ်းများက ပိုးလောက်လန်း ပေါက်ပွားနိုင်သည့်နေရာများကို စစ်ဆေးပြီး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ပုံမှန် ဆောင်ရွက်ရန်၊ မိုးရေတင်နိုင်သော တာယာကွင်းများ၊ အိုးခွက်များအတွင်း ခြင်ပေါက်ပွားမှု မရှိစေရေး၊ ပိုးလောက်လန်း ပေါက်ပွားမှု ရှိ/မရှိ လိုက်လံစစ်ဆေးပြီး ကျောင်းပတ်ဝန်းကျင်များတွင် ခြင်ပေါက်ပွားမှု မရှိစေရေးဆောင်ရွက်ရန်တို့ကို အသိပညာပေးမှာကြားပြီး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း တို့ကို သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိပ်နင်းရေးလုပ်ငန်းများ စတင်ကာ စဉ်ဆက်မပျက် အရှိန်အဟုန်ဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်