ကျွန်းလှမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်း ဆောင်ရွက်

ကျွန်းလှ ဇွန် ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးရာသီဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာဝင်းဇော်ဌေး ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေး၊ ဝန်ထမ်းများက ခြင်ပေါက်ပွားနိုင်သော အိမ်သုံးပစ္စည်းများ၊ စွန့်ပစ်ပစ္စည်းများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် အခြေခံပညာကျောင်းများရှိ ခြင်ပေါက်ပွားနိုင်သောနေရာများအား ခြင်ဆေးမှုတ်ခြင်း၊ ရေလှောင်ကန်များအတွင်း အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို