မင်းဘူး ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်များ၌ မိုးသီးနှံများစိုက်ပျိုးနိုင်ရေးနှင့် (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအတွက် သစ်တော၊ သစ်ပင်များ ထူထောင်စိုက်ပျိုးနိုင်ရန် ခရိုင်အဆင့် လုပ်ငန်းညှိနှိုုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အစည်းအဝေးတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မောင်မောင်တို့က နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ မြို့နယ်များအလိုက် ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီ မိုးသီးနှံများစိုက်ပျိုးနိုင်ရေး၊ (၁၃)ခရိုင်စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများအတွက် သစ်တော၊ သစ်ပင်များ ထူထောင်စိုက်ပျိုးနိုင်ရေးနှင့် ယခုနှစ်စိုက်ပျိုးရာသီ တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် အထူးဇုန်အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် မင်းဘူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
အဆိုပါ အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲခရီးစဉ်များတွင် ဒေသဆိုင်ရာအချက်အလက်များတင်ပြရာ၌ ကိန်းဂဏန်း၊ အချက်အလက်၊ Data များ တိကျမှန်ကန်စွာ တင်ပြနိုင်ရေး အရန်သင့်ကြိုတင်ပြင်ဆင်ထားရန်၊ ရာသီအလိုက် သီးနှံများစိုက်ပျိုးချိန် မြေပြင်တွင် အမှန်တကယ်စိုက်ပျိုးနိုင်သော ဧကစာရင်းနှင့် ကိန်းဂဏန်းများကိုသာ တိကျမှန်ကန်စွာဖြင့် လျာထားစာရင်းများတင်ပြရန်နှင့် ဆီထွက်သီးနှံ အထူးဇုန်(၂) ဧရိယာအတွင်း သတ်မှတ်စိုက်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လေးထားဆောင်ရွက်ရန်၊ ကျောင်းဖွင့်ရာသီ အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ မိမိတို့ဒေသသည် ကမ္ဘာ့အပူဆုံးစာရင်းတွင်ပါရှိသည့် တိုင်း၊ ခရိုင်နှင့် မြို့နယ်များဖြစ်သည့်အတွက် (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများအတွက် သစ်တော၊ သစ်ပင်များ ထူထောင်စိုက်ပျိုးနိုင်ရန် မြေနေရာသတ်မှတ်ခြင်း၊ စနစ်တကျစိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီးအပင်များ အမှန်တကယ် ရှင်သန်ဖြစ်ထွန်းရေး ဆောင်ရွက်ရန်၊ မြို့ရွာ၊ ရပ်ကွက်နှင့် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် လည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ မြေယာမှုခင်းများဆောင်ရွက်ရာတွင် သတ်မှတ်ပုံစံ(SOP)နှင့်ညီ စနစ်တကျ စိစစ်ဆောင်ရွက်ပြီး စိုက်ပျိုးမြေများမပြုန်းတီးရေး ဆောင်ရွက်ရန်၊ တောင်သူပညာပေး စိုက်ကွင်းသရုပ်ပြပွဲများကို မြို့နယ်များအလိုက် နေရာစုံဆောင်ရွက်ရန်၊ မြို့နယ်အလိုက် စားသုံးဆီ(စားအုန်းဆီ)ခွဲတမ်းများကို ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးရာတွင် ပြည်သူများနှင့်အတူ ဌာနဆိုင်ရာဝန်ထမ်းများလည်း ဝယ်ယူရရှိနိုင်ရေးစီမံဆောင်ရွက်ရန်နှင့် မြို့နယ်အလိုက် တရားမဝင်လောင်းကစားဝိုင်းများ မပြုလုပ်စေရေး အထူးကြပ်မတ်စစ်ဆေးပြီး အရေးယူဆောင်ရွက်သွားရန် စသည့်အချက်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)