နတ်မောက် ဇွန် ၇
တရုတ်နိုင်ငံ မဲခေါင်-လန်ချန်းအထူးရန်ပုံငွေ(၂၀၂၂) အစီအစဉ်ဖြင့်ဆောင်ရွက်ထားသော နှမ်းသီးနှံ သုတေသနစမ်းသပ်ကွက်ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့က မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင်ကျင်းပရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတောင်သူများတက်ရောက်ကြသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဇော်နှင့် နတ်မောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်တို့က အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) မျိုးစေ့ဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာယုမွန်က စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် စမ်းသပ်တွေ့ရှိချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့်တောင်သူများအား မျိုးသန့်မျိုးပွားမျိုးစေ့အဆင့် မကွေးနှမ်းနက် ၂/ ၁၄မျိုးစေ့များ လက်ဆောင်ပေးအပ်သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတို့တွင် စမ်းသပ်စိုက်ပျိုးထားသည့် နှမ်းသီးနှံသုတေသန စမ်းသပ်ကွက်များကို လှည့်လည်ကြည့်ရှုကြကာ စိုက်ပျိုးနည်းစနစ်များနှင့်ပတ်သက်၍ အကဲဖြတ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သိမ့်သိမ့်မိုး