ဘားအံ ဇွန် ၇
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဘားအံ)တို့တွင် ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သော အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ပြီး ပြည်နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းများ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး၊ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ သင်ထောက်ကူပစ္စည်း ပြည့်စုံလုံလောက်မှုရှိ/မရှိ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းစီအား ထောက်ပံ့ပေးအပ်ခဲ့သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများကို ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၂၄၀ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၈ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၂၁ ကျောင်း စုစုပေါင်း ၁၂၇၉ ကျောင်းဖွင့်လှစ်သင်ကြားလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၂၀၀၆၅၀ ဦး ကျောင်းအပ်နှံကာ ၁၉၈၅၂၇ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ဘားအံ)၌ Civil ၊ Electronic ၊ Electrical Power ၊ Machanical ဘာသာရပ်များအလိုက် ကျောင်းသား၊ ကျောင်းသူ ၄၆၄ ဦး အေးချမ်းစွာ ပညာသင်ကြားနေမှုများနှင့် စာကြည့်တို့အား ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး၏ တက္ကသိုလ်ဆိုင်ရာအချက်အလက်များတင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ လိုအပ်သည်များမှာကြား၍ အထွေထွေအသုံးစရိတ်ငွေကျပ် (၃)သိန်းကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ) အစည်းအဝေးခန်းမ၌ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီး၏ ကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းသား၊ ကျောင်းသူများအား အမှာစကားပြောကြားပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)