မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့အား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မကွေး ဇွန် ၇

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းကြီး၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ပညာရေးကဏ္ဍလှုပ်ရှားမှု ထူးချွန်ဒုတိယဆုနှင့် သုတေသနစာတမ်း တတိယဆု ရရှိခဲ့သည့် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အား ထပ်ဆင့် ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မကွေးမြို့၊ စုပေါင်းရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် မိခင်နှင့်ကလေးများရဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ဆောင်ရွက်ချက် များကို မိမိတို့ဒေသအခြေအနေများနှင့်အညီ အားထည့်ဆောင်ရွက်ခဲ့သည့်အတွက် မကွေးတိုင်း ဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့အနေနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းကြီး၏ (၃၃)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ပညာရေး ကဏ္ဍထူးချွန်ဒုတိယဆုနှင့် အသက်ငါးနှစ်အောက် ကလေးများတွင် ဘေးကင်းသော မစင်စွန့်ပစ် ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှုအကြား ဆက်စပ်မှုကို ဆန်းစစ်ခြင်းခေါင်းစဉ်ဖြင့် သုတေသနစာတမ်း တတိယဆုကို ရရှိခဲ့တဲ့အတွက် ယခုလို အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်ရခြင်း ဖြစ်ကြောင်း၊ မိသားစုအားလုံးအတွက် ကျန်းမာရေးကဏ္ဍမှာ မရှိမဖြစ်လိုအပ်တဲ့ မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ရာမှာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကြီးရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အထူးအရေးကြီးပါကြောင်း၊ ယခုအခါ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တည်ဆောက်ရာမှာ စွမ်းစွမ်းတမံ အကျိုးပြုနိုင်တဲ့ ကျန်းမာကြံ့ခိုင် ပညာပြည့်ဝပြီး ကျင့်ဝတ်များကို ထိန်းသိမ်းနိုင်စေတဲ့ လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ပံ့ပိုး ကူညီဆောင်ရွက်ပေးလိမ့်မည်ဟု ယုံကြည်ပါကြောင်းနှင့် အသင်းဝင်များအနေဖြင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများမှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ကျောင်းနေအရွယ်ကလေးတိုင်း စာသင်ကျောင်းသို့ ရောက်ရှိရေးအတွက် စည်းရုံးဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ အသင်းစတင် ဖွဲ့စည်းချိန်ကတည်းက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မိခင်နှင့်ကလေးများ၊ မိသားစုများရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ကျေးလက်ဒေသအထိ ရောက်ရှိအောင် ဦးစားပေးဆောင်ရွက်ရန် ဆိုတဲ့ရည်ရွယ်ချက်ကို ပေါက်မြောက်အောင် ဆောင်ရွက်သွားရန် အသင်းဝင်များ မှလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ ခရိုင်/မြို့နယ်အသင်းများအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ အသင်း(ဗဟို)မှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၁၅)ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နှီးနွယ်ဌာန၊ မိတ်ဖက် အဖွဲ့အစည်း များနဲ့ လက်တွဲညီညီ ရှေ့ဆက်လျှောက်လှမ်းနိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ်အတွင်း လှုပ်ရှားဆောင်ရွက်ချက်အား မကွေးတိုင်းဒေသကြီး မိခင်နှင့် ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာသီသီမင်းမှ Video Clip ဖြင့် ရှင်းလင်း တင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ၂၀၂၃ ခုနှစ် ပညာရေးကဏ္ဍ လှုပ်ရှားမှု ထူးချွန်ဒုတိယဆုနှင့် သုတေသနစာတမ်းတင်သွင်းမှုတွင် တတိယဆုရရှိခဲ့သည့် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့အား ဂုဏ်ပြုဆုများ ချီးမြှင့်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူခဲ့ပြီး မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဥမ္မာဆွေက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)