အင်္ဂပူ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ၂၀၂၄ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက ပုသိမ်-မုံရွာကားလမ်း မိုင်တိုင်အမှတ်(၆၅/၃)အနီး ကျောင်းကွင်းအုပ်စုတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများက ပျိုးပင်များအား ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေးအသင်းအဖွဲ့များထံ ပေးအပ်ခဲ့သည်။ ထို့နောက် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသော်မွှန်းကိုနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အင်္ဂပူမြို့နယ်မိခင်နှင့် ခလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများစုစုပေါင်းအင်အား (၃၁၀)ဦးခန့်တို့က ကျွန်း(၁၅၀)ပင်၊ ပျဥ်းကတိုး(၁၀၀)ပင်၊ ရေတမာ(၁၀၀)ပင်၊ ကံ့ကော်(၁၅၀)ပင်၊ ခရေ(၁၅၀)ပင်၊ ယူကလစ်(၂၅၀)ပင်၊ မန်ဂျန်ရှား(၂၅၀)ပင်၊ မျောက်ငို(၁၀၀)ပင်၊ စုစုပေါင်းအပင်(၁၂၅၀)တို့အား စုပေါင်းစိုက်ပျိုးခဲ့သည်။
အင်္ဂပူမြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၄-ခုနှစ်တွင် ပြည်သူလူထုသို့ ဖြန့်ဝေစိုက်ပျိုးရန် ကျွန်း၊ ပျဥ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက်၊ ယူကလစစ်၊ ခရေ၊ ကံ့ကော်၊ စက္ကူ၊ စိန်ပန်း၊ ယမနေ၊ စွယ်တော်၊ စိန်တချုစသည့် ပျိုးပင်ပေါင်း(၁၆)မျိုး ပျိုးပင်ပေါင်း(၁၅၀၀၀၀)ခန့်ကို မြို့နယ်အတွင်းရှိ သစ်တောဘိနယ် စခန်း(၇)ခုရှိ ပျိုးဥယျာဥ်များအတွင်း ပျိုးထောင်ထားရှိကြောင်း သိရှိရသည်။
မန်းကျော်(ပြန်/ဆက်)