ပြည်မြို့၌ “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူဆောင်ရွက်

ပြည် ဇွန် ၆

ပြည်ခရိုင်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာနက ကြီးမှူး၍ ယနေ့နံနက်ပိုင်းက ပြည်မြို့ ခုတင်(၅၀၀) အထွေထွေရောဂါကူဆေးရုံကြီးအနီး လူစည်ကားရာ သံလမ်း လမ်းဆုံနေရာ၌ "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူဆောင်ရွက်သည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ (၁) ရက်မှ (၁၅) ရက်အထိ ကောက်ယူ‌ဆောင်ရွက်မည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဒေသတွင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းအဖြစ် အဆိုပါ မြေစိုက်ပိုစတာအား စိုက်ထူဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး မြင့်ထွန်းနိုင်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူး ကြီးလင်းအောင်ပြည့်နှင့် အဖွဲ့၀င်(၃)လဝက ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲနောင်တို့က မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ်ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

အဆိုပါ အသိပညာပေး မြေစိုက်ပိုစတာ စိုက်ထူဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ​ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ခရိုင်နှင့် မြို့နယ်များမှ လ.ဝ.က ဦးစီးမှူးများနှင့် ဝန်ထမ်းများ ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၈၀)ခန့် တက်ရောက်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)