ပဲခူး ဇွန် ၆
ပဲခူးမြို့နယ်၊ ညောင်အင်းကျေးရွာ၊ ရွာဦးကျောင်းဓမ္မာရုံ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုအသက်မွေးဝမ်းကြောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဥ် အခမ်းအနားကျင်းပခဲ့သည်။
ဦးစွာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်ခိုင်ရွှေဝါက အဖွင့်အမှာစကားနှင့် အသိပညာပေး ဟောပြောပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်၊ ဝန်ကြီးဌာန၏မိတ်ဆက်၊ တိုင်းရင်းသားများ၏ အမည်နာမရှေ့၌ ဝိသေသရှေ့ဆောင်စကားလုံးထည့်သွင်းရေးကိစ္စ၊ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းသန်းက ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်သန္တာထွေးက အမျိုးသမီးကဏ္ဍ၊ ကလေးသူငယ်ကဏ္ဍများနှင့် ပတ်သက်၍လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က စိုက်ပျိုးရေး ဦးစီးဌာန၏ ဥပဒေ (၅) ရပ်နှင့် ဌာနမှစီမံဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပဲခူးမြို့နယ်အားကစားမှူး ဦးဝင်းကျော်က လူငယ်ရေးရာနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးဟောပြောကြသည်။
ယင်းနောက် ညောင်အင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးဒေါ်ခိုင်ရွှေဝါက အသိပညာဟောပြောပေးကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဒေသခံတိုင်းရင်းသားများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်းပညာလိုအပ်မှုဆန်းစစ်ချက် စစ်တမ်းမေးခွန်းလွှာများ ကောက်ယူကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)