မုံရွာ ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မုံရွာမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာအခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ပညာဘဏ်တိုက်စာကြည့်တိုက်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် မုံရွာမြို့နယ်အတွင်းမှ အခြေခံပညာအထက်တန်းကျောင်း(၁၃)ကျောင်းရှိ ကျောင်းစာကြည့်တိုက်များအတွက် တစ်တိုက်လျှင် ငွေကျပ်(၅)သိန်းတန်ဖိုးရှိ သုတရသ စာအုပ် စာစောင်များပေးအပ် လှူဒါန်းပွဲကိုကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာကျောင်းအုပ်ကြီးများထံသို့ စာအုပ်စာစောင်များအား ပေးအပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက်ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမနှစ်ဦးက ဟောပြောဆွေးနွေးရာ ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးပြီး ဟောပြောဆွေးနွေးပေးပါသော ဆရာမကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ၊ ဂုဏ်ပြုလက်ဆောင်များကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။
ဆက်လက်ပြီး ကျောင်းသားကျောင်းသူများက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းဖြင့် သီဆိုခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့် ဧည့်သည်တော်များက အဆိုပါကျောင်းဝန်းအတွင်း စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများအား လှည့်လည်ကြည့်ရှုအားပေးပြီး ဆုရရှိသူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု နံရံကပ်ဓါတ်ပုံပြဘုတ်များနှင့် စာအုပ်/စောင်များ ပြပွဲများအားလည်းကောင်း၊ ကျောင်းစာကြည့်တိုက်အားလည်းကောင်း လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)