မြောင်းမြ ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြောင်းမြပညာရေးဒီဂရီကောလိပ်မှ သင်တန်သား၊ သင်တန်းသူများက ပင့်ဖူးဝေဆာကျောင်းတော်သာ တေးသီချင်းသီဆို၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး၊ လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၁၁/၂၀၂၄) သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၂၄) ဦးနှင့် လေးနှစ်သင်နေ့သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၆၀၂) ဦးတို့မှ မြို့နယ်အလိုက် မိတ်ဆက်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်က မြောင်းမြပညာရေး ဒီဂရီကောလိပ်အတွက် ချီးမြှင့်ငွေ(၁၀)သိန်းနှင့် စာနပ်ရိက္ခာ (ဆန်၊ ဆီ၊ ကြက်ဥ)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့ပြီး၊ မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက အက၊ အလှများဖြင့် ကပြဖျော်ဖြေခဲ့သည်။
အဆိုပါအခမ်းအနားအပြီးတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက မြောင်းမြမြို့ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းနှင့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း(ဂုန်နီ)သို့သွားရောက်၍ ကြက်ဥ၊ ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)