မကွေး ဇွန် ၆
မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးက တိုင်း၊ ခရိုင်၊ မြို့နယ်အတွင်းရှိ ဥပဒေအရာရှိများ၊ ရုံးဝန်ထမ်းများ၏ ကျောင်းနေအရွယ် သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက် ၈ နာရီက အဆိုပါရုံးရှိ ပါမောက္ခဦးလှအောင်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက မကွေးတိုင်းဒေသကြီးဥပဒေချုပ်ရုံး အနေဖြင့် တိုင်းအတွင်းရှိ ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်းများ၏ သား၊ သမီးများကို မိမိနှင့် တိုင်းဒေသကြီး ဥပဒေအရာရှိတို့က မတည်ပြီး အထက်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများ၊ အလယ်တန်းအဆင့် ကျောင်းသူ၊ ကျောင်းသားများ၊ မူလတန်း KG အဆင့် ကျောင်းသူ၊ ကျောင်းသားများကို ပညာသင်ထောက်ပံ့ကြေးအဖြစ် ယခုလိုထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ အထက်တန်းအဆင့်ကို တစ်ဦးလျှင် ငါးသောင်းကျပ်၊ အလယ်တန်း၊ မူလတန်းနှင့် KG အဆင့် ကျောင်းသူ၊ ကျောင်းသားများကို တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်က ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် တိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်မိသန္တာမြင့်တို့က အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးဦး၊ အလယ်တန်း အဆင့် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦး၊ မူလတန်းအဆင့် ကျောင်သား၊ကျောင်းသူ (၁၁) ဦး၊ KG အဆင့် ကျောင်းသား၊ ကျောင်းသူ ခြောက်ဦးနှင့် မူကြိုကလေးငယ် သုံးဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၃၀) ဦးအတွက် ငွေကျပ် (၇) သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)