ရွှေဘို ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) အဖွဲ့ဝင်များ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆရာကြီး ဗန်းမော်တင်အောင်၏ လူတန်းစားဘဝခံယူချက်နှင့် ဘဝအသိအမြင်များကို တိကျပြတ်သားစွာ ရေးဖွဲ့ထားသော “အညတြ”စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ “အညတြ”စာအုပ်မှ မှတ်သားဖွယ်ရာစကားစု၊စကားပုံများ၊ ကြက်တော၏ ငယ်ရွယ်စဉ်မှစ၍ ဘဝကို ခက်ခဲကြမ်းတမ်းစွာရပ်တည်ခဲ့ရပြီး အသက်ရှင်သန်နိုင်ရေးအတွက် အလုပ်ကို မဆုတ်မနစ်ကြိုးစားဆောင်ရွက်ခဲ့မှုများ၊ အရွယ်ရောက်ချိန်တွင် ကြင်ယာယူချင်၍ ကြိုးစားခဲ့မှုများကို ဟာသနှော၍ ရေးသားထားပြီး ကြက်တော၏ တစ်ဖတ်သတ်ဆန်စွာစဥ်းစားဆုံးဖြတ်ခဲ့ပုံများနှင့် မိမိအသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လေယူယာယိမ်း ရပ်တည်ခဲ့ရမှုများ၊ ကြက်တောကဲ့သို့ တစ်ဖတ်သတ်အတွေးဖြင့် မရပ်တည်ဘဲ စာပေကိုကြိုးစားသင်ယူ၍ ဆုံးဖြတ်ချက်ကို မှန်ကန်စွာစဥ်းစားတွေးခေါ်ဆုံးဖြတ်နိုင်ရမည့်အကြောင်းများကို ဖတ်ကြားခဲ့ကြပြီး အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)