လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ နောက်ဆုံးလူနာ (၁)ဦးအား ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု

လွိုင်ကော် နိုဝင်ဘာ ၁၂

ကယားပြည်နယ် ၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် လွိုင်ကော်မြို့ ၊ နမ့်ဘော်ဝမ်(က)ရပ်ကွက် တွင်နေထိုင်သော အသက်(၃၂)နှစ်အရွယ် အမျိုးသားတစ်ဦးအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသပေးလျက်ရှိပြီး သတ်မှတ် Quarantine ဝင်ရောက်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှဆင်းခွင့်ပြု လိုက်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာအား ၎င်း၏နေအိမ်တွင် Home Quarantine အဖြစ် (၇)ရက် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း ကျန်းမာရေး ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်သွားရန် တာဝန်ရှိသူတို့က မှာကြားပြီး ရွှေလွိုင်ကော်ပရဟိတ လူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ၎င်းနေအိမ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

ယနေ့အချိန်ထိ လွိုင်ကော်မြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ(၈)ဦးရှိပြီး အဆိုပါ (၈) ဦးစလုံး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

စိုးလှိုင်ဌေး(ပြန်/ဆက်)