ဝေါ ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ် (၆) ရပ်ကွက်အတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိခင်နှင့်ကလေးဌာနမှ သားဖွားဆရာမများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များ၊ ရပ်ကွက်/အုပ်စုရာအိမ်မှူးများ ရပ်မိရပ်ဖများစုပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးများကို မြို့ပေါ်ရပ်ကွက်များ၊ ကျေးလက်ကျန်းမာရေးဌာနအောက်ရှိ ကျေးရွာများတွင် ကျန်းမာရေးပညာပေး ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ၊ ကွင်းဆင်းဟောပြောပွဲ ဆွေးနွေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)