ပွင့်ဖြူမြို့နယ်စည်ပင်သာယာဈေးများတွင် သား/ငါး‌ဈေးသည်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချရန် နေ့စဉ်ကြပ်မတ်စစ်ဆေး

ပွင့်ဖြူ ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဒေသခံပြည်သူများ သား/ငါးဝယ်ယူစားသုံးမှု အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နယ်နိမိတ်အတွင်းရှိ ပွင့်ဖြူမြို့မဈေးအပါအဝင် ကျေးလက်စည်ပင်သာယာဈေး(၄)ခုတွင် (ဝက် ၊ အမဲ ၊ ဆိတ်)လိုင်စင်စီများမှ သားငါးများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိစေရေး သတ်မှတ်ဈေးနှုန်းများအတိုင်း စနစ်တကျရောင်းချရန် နေ့စဉ်ကြပ်မတ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဒေသခံပြည်သူလူထုစားသောက်ရေးအဆင်ပြေစေရန်နှင့် သား/ငါးများ ဝယ်ယူစားသုံးရာ၌ သက်သာသောဈေးနှုန်းဖြင့် တစ်ပြေးညီဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ မြို့မဈေးအပါအဝင် ကုန်းဇောင်းကျေးရွာ၊ ရှောက်တောကျေးရွာ၊ ကျောင်းတော်ရာကျေးရွာနှင့် လယ်ကိုင်းကျေးရွာရှိ ကျေးလက်စည်ပင်သာယာ ဈေး(၄)ခုတွင် ဖွင့်လှစ်ရောင်းချနေသည့်(ဝက် ၊ အမဲ ၊ ဆိတ်)လိုင်စင်စီရယူ ဆောင်ရွက်လုပ်ကိုင်နေသော ဈေးသည်များကို ကာလသတ်မှတ်ဈေးနှုန်းများအတိုင်းရောင်းချရန် ဗီနိုင်းဆိုင်းဘုတ်များချိတ်၍ အအသိပေး ဆောင်ရွက်လျက်ရှိကြောင်း ၊ ယင်းသတ်မှတ်ဈေးနှုန်းများကို ကျော်လွန်၍ ဈေးနှုန်းမြှင့်တင် ရောင်းချမှု ရှိ/မရှိနှင့် အရိုး /အသား  အဆီ/အရွတ်များ ရောနှော၍ ရောင်းချခြင်း ရှိ/မရှိ ၊ အလေးချိန်ခွင် မှန်ကန်မှု ရှိ/ မရှိတို့ကို သက်ဆိုင်ရာဈေးများအလိုက် ဈေးတာဝန်ကျဝန်ထမ်းများနှင့် ဈေးကော်မတီအဖွဲ့ဝင်များက နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သား/ငါး ဈေးဆိုင်ခန်းများအလိုက် ဒေသခံပြည်သူများထံ သား/ငါးများ ရောင်းချရာ၌ သတ်မှတ်ထားရှိသည့် ဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်း ရှိ/မရှိ ၊ သန့်ရှင်းလတ်ဆတ်မှု ရှိ/မရှိ ၊ အလေးချိန်ခွင် မှန်ကန်မှု ရှိ/မရှိနှင့် အရိုး/အသား ၊ အသား/အဆီအရွတ်များရောနှော၍ ရောင်းချခြင်း ရှိ/မရှိစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးလင်းမင်းညွန့် ဦးဆောင်ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ဈေးတာဝန်ခံနှင့် ဝန်ထမ်းများက ဈေးကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ စားသုံးသူပြည်သူလူထုအစားအစာ ဘေးကင်းလုံခြုံရေးအတွက် ရောင်းချပေးနေသည့် သား/ငါးများ သန့်ရှင်းလတ်ဆတ်မှုရှိစေရေး၊ ဈေးဆိုင်ခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိရေး၊ နေ့စဉ်ဈေးရောင်းပြီးချိန်တိုင်း ဈေးဆိုင်ဝန်းကျင် သန့်ရှင်းရေးမပြတ် ဆောင်ရွက်ရန်နှင့် သတ်မှတ်ထားရှိသည့် ဈေးစည်းကမ်းများကို အလေးထားလိုက်နာဆောင်ရွက်ရန် ဈေးသူဈေးသားများ သိရှိလိုက်နာရန် နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )