ဒေးဒရဲမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကျင်းပ

ဒေးဒရဲ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီက  ကျောက်စရစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီ စတင်ကျင့်သုံးကတည်းက ပြဌာန်းထားပြီးဖြစ်ပြီး မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသားများ အားလုံးအကျုံးဝင်ပါကြောင်းနှင့်  ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်များ၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များနှင့် တရားမဝင်မီဒီယာများ၏ ကောလာဟလ လုပ်ကြံသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှု မလိုကြောင်းတို့ကို  ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ သိမှတ်ဖွယ်ရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်ဦးက ဥပဒေအရ စစ်မှုထမ်းရန် သတ်မှတ်ကာလ၊ အကျုံးဝင်သူများ၊ ကင်းလွတ်ခွင့်ရရှိသူများကို ဥပဒေထဲတွင် ပြဋ္ဌာန်းထားပြီး အကျုံးဝင်သူများကို မှတ်ပုံတင်ထားမည်ဖြစ်ပြီး ချက်ချင်းခေါ်ယူသွားမည် မဟုတ်ပါကြောင်းနှင့် တရားမဝင်မီဒီယာများက လှုံ့ဆော်မှုများကို စိုးရိမ်မှုများ မဖြစ်ပေါ်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက တက်ရောက်လာသည့်  ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း