ပွင့်ဖြူမြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့

ပွင့်ဖြူ ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မေလ(၂၁)ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၃၉)လုံး ထိခိုက်ပျက်စီးသည့် လေဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ဇွန် ၅ ရက် ၊ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးအောင်မြတ်ခိုင်က မိုးတွင်းကာလများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသဖြင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမဖြစ်အောင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိတို့နယ်မြေ၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက လိုအပ်သောကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများကို အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ကြရန်၊ ယခုနိုင်ငံတော်မှ သဘာဝဘေးသင့်ပြည်သူများကို အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးခြင်း၍ အကျိုးရှိရှိသုံးစွဲသွားကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာနမှ ဝန်ထမ်းများက ပွင့်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာ(၈)ရွာမှ လူနေအိမ်(၁၁၉)လုံး အမိုးလန်ပျက်စီးမှုနှင့် လူနေအိမ်အလုံး(၂၀) ပြိုလဲပျက်စီးခဲ့သည့် လေဘေးသင့်အိမ်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် (၄၈၈၀၀၀ဝိ/-)၊ လေဘေးသင့်အိမ်ထောင်စုဝင် ၃၇၉ ဦးအတွက် တစ်ပတ်စာ ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ်(၇၉၅၉၀ဝိ/-) စုစုပေါင်းထောက်ပံ့ငွေကျပ်(၅၆၇၅၉၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးတို့ကို လေဘေးသင့်အိမ်ထောင်စုများထံ စနစ်တကျထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )