မင်းဘူးမြို့၌ လုပ်ငန်းခွင်တွင်ထိခိုက်မှုကြောင့် သေဆုံးသည့်အတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ငွေကျပ်သိန်း (၉၀) ထုတ်ပေး

မင်းဘူး ‌ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် ၂၀၂၁ ခုနှစ်  လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမားအတွက်  ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေကျပ်သိန်း (၉၀) အား မိသားစုဝင်များထံသို့  လက်ဝယ်အရောက် ထုတ်ပေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းဘူးမြို့ မန်းရေနံမြေစုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း မန်းရေနံမြေ အထွေထွေမန်နေဂျာ ဦးခွန်မျိုးသန့်က အဖွင့်အမှာစကားပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးမှ   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေကို ၂၀၁၄ ခုနှစ်  ဧပြီ ၁ ရက်မှ စတင်အကောင်အထည်ဖော်ကျင့်သုံးခဲ့ပြီး အာမခံစနစ် (၂) မျိုးဖြစ်သော ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှုအာမခံစနစ်နှင့် အလုပ်တွင် ထိခိုက်မှု အာမခံစနစ်တို့ကိုသာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မင်းဘူးမြို့ မန်းရေနံမြေအလုပ်သမား ဦးကျော်ဝင်းနိုင်သည် လုပ်ငန်းခွင်တွင် ထိခိုက်မှုကြောင့် သေဆုံးသည့်အတွက် ကျန်ရစ်သူ အကျိုးခံစားခွင့် ကျပ်သိန်း (၉၀) ထုတ်ပေးရခြင်း အကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးက အလုပ်ခွင်တွင် ထိခိုက်မှုကြောင့် သေဆုံးသွားသော ဦးကျော်ဝင်းနိုင်၏ ကျန်ရစ်သူ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ကျပ်သိန်း (၉၀) ကို ဇနီးဖြစ်သူ ဒေါ်ဝေဝေလွင်ထံသို့ လက်ဝယ်အရောက်ပေးအပ်သည်။

ထို့နောက် မန်းရေနံမြေမှ အလုပ်သမားများနှင့် အလုပ်ခွင်တွင် ထိခိုက်ခံစားရသူမိသားစုများကိုယ်စား စက်မှုအလုပ်ရုံဌာန၊ စက်မှုကျွမ်းကျင်-၄ ဦး‌ဇော်မျိုးလွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)