လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေး

နတ်တလင်း ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် (အခမဲ့)ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်၊ ဗိုလ်ရုံလမ်းရှိ မြို့နယ်လူမှုဖူလုံရေးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဆေးကုသခြင်းကို လူမှုဖူလုံရေးအဖွဲ့(ရုံးချုပ်)အစီအစဉ်ဖြင့် မြို့နယ်လူမှုဖူလုံရေးရုံးနှင့် သုခမင်္ဂလာရောဂါရှာဖွေရေး(ဓာတ်ခွဲခန်း)တို့ ပူးပေါင်းပြီး နတ်တလင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား အလုပ်ခွင်အရောက် ရွေ့လျားဆေးကုသယာဉ်ဖြင့်(အခမဲ့) ဆေးကုသပေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် လူမှုဖူလုံရေး အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာန(၃၃)ဌာနမှ အာမခံအလုပ်သမား(၃၆၀)ဦးအား ရွေ့လျားဆေးကုသယာဉ်ဖြင့် လိုအပ်သောဆေးဝါးကုသမှုများ၊ ဓာတ်ခွဲ စစ်ဆေးမှုများ၊ နှလုံးအတွက် ECG စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ယဥ်ယဉ်နွယ်ထံမှ သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)