ကြံခင်း မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စာရေးဆရာခင်မောင်ညို (ဘောဂဗေဒ)ရေးသားသော ‟ထိပ်ဆုံးမှာတွေ့ကြမယ်”စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
စာဖတ်ဝိုင်းကျင်းပခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေပြီး စာပေမှရရှိသော မှတ်သားလေ့လာထားသည်များကို အပြန်အလှန် ပူးပေါင်းဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေမှာဖြစ်သလို သုတ၊ ရသစာပေမျိုးစုံ ဌားရမ်းဖတ်ရှုနိုင်ခြင်းကို သိရှိစေရန် ကျင်းပခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စာရေးဆရာခင်မောင်ညို(ဘောဂဗေဒ)ရေးသားသော "ထိပ်ဆုံးမှာတွေ့ကြမယ်” စာအုပ်ပါကြောင်းအရာများအား အပြန်အလှန် ပူးပေါင်းဆွေးနွေးကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်မျိုးစုံအား တက်ရောက်လာကြသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)