ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၆

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၊  အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်” အခမ်းအနားများကို ကမ္ဘာနှင့်တစ်ဝှမ်းကျင်းပခဲ့ရာ ယခု ၂၀၂၄ ခုနှစ်တွင် “၅၁ နှစ်” ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအပေါ် ကမ္ဘာ့နိုင်ငံများနှင့်ကမ္ဘာတစ်ဝန်းရှိ ပြည်သူများ အာရုံစူးစိုက်လာမိစေရန်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ အဓိကစိန်ခေါ်မှုပြဿနာများကို ပိုမိုသိရှိပြီး ဝိုင်းဝန်းအလေးထား ဖြေရှင်းဆောင်ရွက်နိုင်ကြစေရန်ရည်ရွယ်ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်များကို ၁၉၇၃ ခုနှစ်မှစတင်၍ နှစ်စဉ်ထုတ်ပြန်သတ်မှတ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာအထိမ်းအမှတ်အခမ်းအနားများကိုပါ ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးများတွင် နှစ်စဉ်လှည့်လည်ကျင်းပခဲ့ပါကြောင်း၊ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့မှာကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို “သဲကန္တာရတိုက်ဖျက်ရေးနှင့်မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆောင်ပုဒ်ဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်အခမ်းအနားအနေဖြင့် ကမ္ဘာပေါ်မှာ သဲကန္တာရဧရိယာအများဆုံးပိုင်ဆိုင်သည့် ဆော်ဒီအာရေဗျနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ခြောက်သွေ့ကာလမှာ နိုဝင်ဘာလမှ မေလအထိ ကြာရှည်သဖြင့် မြေဆီလွှာတိုက်စားမှုများပြားပြီး အပေါ်ယံမြေဆီလွှာ ကုန်ခမ်းခြင်းကြောင့် သဲကန္တာရဖြစ်ထွန်းနိုင်ခြေများပြားသည့်အတွက် သယံဇာတနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနကဦးဆောင်ပြီး သစ်တောစိုက်ခင်းများတည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောင်လာမည့် အနာဂတ်မျိုးဆက်များအတွက် ပိုမိုကောင်းမွန်သန့်ရှင်းသည့်ပတ်ဝန်းကျင်ကို လက်ဆင့်ကမ်းပေးနိုင်ရန်အတွက် သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပြည်သူလူထုတစ်ရပ်လုံးက လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် ဗီဒီယို၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး ဗီဒီယိုနှင့်  အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆု(National Clean and Green School Award) (အ.မ.က မယ်တလိုင်း)၏ ဗီဒီယိုပြသမှုများကိုကြည့်ရှုအားပေးခဲ့ပြီးနောက် အမျိုးသားအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆု(National Clean and Green School Award)ရရှိသည့် (အ.မ.က မယ်တလိုင်း)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အထက်တန်းအဆင့်ကျောင်းဆု (Regional Clean and Green School Award) ပထမဆုရရှိသည့် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က(တကုန်းကြီး)၊ တိုင်းဒေသကြီးအဆင့်  ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ဆုရရှိသည့် ပုသိမ်မြို့နှင့် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အထက်တန်းအဆင့် ဒုတိယဆုရရှိသည့် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အ.ထ.က(ကနိ)၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ အ.မ.က(ဘဝိုင်းရေလဲစု)ကျောင်းနှင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့်စဉ်ဆက်မပြတ် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းဆုရရှိသည့် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အ.မ.က(ဒေါင့်ကွေး)၊ တိုင်းဒေသကြီးအဆင့်  ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော နေရာဒေသ(စံပြကျေးရွာ)ဆုရရှိသည့် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာနှင့် စက်ရုံ၊ အလုပ်ရုံလုပ်ငန်းဆုရရှိသည့် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ဓနဗလဆန်စက်တို့အား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော အထက်တန်းကျောင်းအဆင့် တတိယဆုရရှိသည့် ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အ.ထ.က(ကျိုက်လတ်)၊ သန့်ရှင်း၍စိမ်းလန်းစိုပြည်သော မူလတန်းကျောင်းအဆင့် တတိယဆုရရှိသည့် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမက(ဒေါင့်ကွေး)နှင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် တတိယဆုရရှိသူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးကလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဂုဏ်ပြုဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ၂၀၂၄၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်   အစိုးရနည်းပညာအထက်တန်းကျောင်း(ပုသိမ်)သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ခဲ့သည်။  ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ပုသိမ်မြို့၊ (P.E.C)ကိုယ်ပိုင် အထက်တန်းကျောင်းသို့သွားရောက်၍ အတန်းအလိုက် စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနေမှုများ၊ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူလေးများ စာလေ့လာဖတ်ရှုနေမှုများ၊ Science Laboratory နှင့် Computer အခန်းများလိုက်လံ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)