မယ်စဲ့ နိုဝင်ဘာ ၁၂
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူ အလွယ်တကူ သိရှိလိုက်နာဆောင်ရွက်ရန် အချက်များကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ယနေ့နံနက်က နမ့်ဟူး၊ မယ်ဆည်နမ်၊ နမ့်ပိန်းလင်၊ ကျောက်စုကျေးရွာတို့၌ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အငယ်တန်းစာရေး ဦးမျိုးမင်းသန့်နှင့် ဝန်ထမ်းများက ကျေးရွာပြည်သူများ သိရှိရမည့် ကိုဗစ်-၁၉ ရောဂါလက္ခဏာများ၊ အသက်အရွယ်ကြီးရင့်သူများ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ မိမိတို့နေအိမ်တွင်သာ နေထိုင်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ အကောင်းဆုံး ကာကွယ်ရန်နည်းလမ်းများ၊ ရောဂါကူးစက်ရာဒေသနှင့် ပြည်ပမှပြန်လာသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် စည်းကမ်းချက်များ၊ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များ၊ ဥပဒေများကို လိုက်နာဆောင်ရွက်ရန်တို့ကို ကျေးရွာများအရောက် လိုက်လံ အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)