ဇီးကုန်း ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးနှင့်မိုးသီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ညောင်ဇင်ကျေးရွာ တောင်သူပညာပေးစခန်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က မိုးစပါးနှင့်မိုးသီးနှံ ပန်းတိုင်အထွက်နှုန်း ပြည့်မှီကျော်လွန်ရေးအတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲရန်နှင့်စိုက်နည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးကြရန် ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလှမိုးနှင့် ဒုတိယဦးစီးမှူးများက မျိုးစပါးဆားရည်စိမ်နည်းကို ရှင်းလင်းပြောကြား၍ လက်တွေသရုပ်ပြသပြီး၊ ဆားရည်စိမ်နည်းဖြင့်ပြုလုပ်၍ ပျိုးထောင်စိုက်ပျိုးပါက အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း ဟောပြောခဲ့သည်။ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးအပါအဝင် မိုးသီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ ပိုးမွှားရောဂါနှင့် ပေါင်းမြက် ကြိုတင်ကာကွယ်ရေးနှင့် စိုက်နည်းစနစ်မှန်ကန်စေရေးနည်းပညာများကို တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာသောတောင်သူများမှ ဆွေးနွေးပွဲနှင့်ပတ်သက်၍ သိရှိလိုသိများကို မေးမြန်းရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့သည်။
ဇီးကုန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးလျာထား စိုက်ဧက(၄၈၀၇၇)ဧကရှိကြောင်းနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မှီကျော်လွန်ထွက်ရှိရေးအတွက် လိုအပ်သောနည်းပညာများ ဖြန့်ဖြူးခြင်း၊ (Y.S.R-1)၊ ရတနာတိုး၊ ဗီယက်နမ်၊ မှော်ဘီ-၃၊ ဆင်းသုခ စသည့်အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်စပါးမျိုးများ အသုံးပြုစိုက်ပျိုးရန် တိုက်တွန်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)