ပုသိမ် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ်ဝန်းတွင်ကျင်းပခဲ့ရာ သစ်ပင်စိုက်ပျိုးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်စိုက်ပျိုးခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပုသိမ် တက္ကသိုလ်ဝန်းအတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်စိုက်ပျိုးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ စိမ်းလန်းစိုပြည်သည့်ပတ်ဝန်းကျင်တွင် အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်စေမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် ရာသီဥတု ပိုမိုပူပြင်းလာမှုဒဏ်ကို နိုင်ငံတစ်ဝှမ်းလုံးသိသာစွာ ခံစားခဲ့ရပါကြောင်း၊ "ဥတုရာသီ၊ တောကိုမှီ၏" ဆိုသကဲ့သို့ ရာသီဥတုပြောင်းလဲမှုအား ထိန်းညှိခြင်း၊ သဘာဝဘေးအန္တရာယ်များမှကာကွယ်ပေးခြင်း၊ လေထုအတွင်းမှကာဗွန်စုပ်ယူ သိုလှောင်ဖယ်ရှားပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝစေခြင်းစသည့် ဝန်ဆောင်မှုလုပ်ငန်းများကို သစ်တောသစ်ပင်များက ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းခြင်းများကို တိုင်းဒေသကြီးအတွင်း အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်ကာလအတွင်း နိုင်ငံပိုင် သစ်တောစိုက်ခင်းများ ရေရှည်တည်တံ့ရေး၊ ပင်လယ်ကမ်းရိုးတန်း ဒီရေတောများဖွံ့ဖြိုးတိုးတက်ရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် ပြန်လည်မျှတလာစေရေးစသည့်လုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် “သစ်ပင်စိုက်ပွဲတော်များကျင်းပရင်း ဧရာဝတီတိုင်းဒေသကြီးကို စိမ်းလန်းသာယာသည့် တိုင်းဒေသကြီးအဖြစ် ဖန်တီးပုံဖော်ကြပါစို့” ဟု တိုက်တွန်းအမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကဦးဆောင်၍ ဌာနဆိုင်ရာများ၊ ပုသိမ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောအင်အား (၆၀၀)ဦးက ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ကံ့ကော်၊ ခရေ၊ ပိတောက်၊ မန်ဂျန်အစရှိသည့် ပျိုးပင်ပေါင်း(၁၀၁၂)ပင်အား တပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် စုပေါင်းသစ်ပင်စိုက်ပျိုးနေနမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်တက္ကသိုလ် သမိုင်းပညာဌာန၊ ငုဝါဆောင်နှင့် ဥပဒေပညာဌာန၊ စကားဝါဆောင်တွင် ယမန်နှစ်က စိုက်ပျိုးခဲ့သည့် ငုဝါပင်နှင့် စကားဝါပင်များ၊ ရုက္ခဗေဒဌာန၊ ချယ်ရီဆောင်တွင် ချယ်ရီပင်များ၊ ရူပဗေဒဌာန ပိတောက်ဝါဆောင်တွင် ပိတောက်ပင်များအား ဌာနအလိုက် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ပြုစုပျိုးထောင်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး တက္ကသိုလ်ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ တက္ကသိုလ်လမ်းဘေးဝဲယာတွင် အရိပ်ရအပင်များ၊ ပန်းအလှပင်များ ပိုမိုစိုက်ပျိုးရေးနှင့် စိုက်ပျိုးပြီးသစ်ပင်များအား ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)