ပေါက်ခေါင်း ဇွန် ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) စီမံချက်ရေးဆွဲနည်း သင်တန်းဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရ သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကား ပြောကြားပြီး ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခိုင်ခင်မြဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်ကြားပေးမည့် အကြောင်း အရာများကို ရှင်းလင်းပြောကြားသည်။ထို့ နောက် တာဝန်ရှိသူများက သင်တန်းသားများအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် စီမံကိန်းကျေးရွာ (၇) ရွာမှ တစ်ရွာလျှင် (၂)ယောက်နှုန်းဖြင့် သင်တန်းသား၊ သင်တန်းသူ (၁၄)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၅ ရက်ကြာ သင်တန်းနည်းပြများက သင်ကြားပေးမည်ဖြစ်ကြောင်း သိရ သည်။ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေကျပ်သိန်း (၁၅၀)ဖြင့် ကျေးရွာတွင်း ရေသန့်စင်စက်တပ်ဆင်ပေးခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာတွင်းလမ်း များ အဆင့်မြှင့်တင်ခြင်း၊ ရေရရှိရေးလုပ်ငန်းများနှင့် ကျေးရွာပိုင်အဆောက်အဦ ဆောက်လုပ် ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)