ကန့်ဘလူမြို့၌ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများဆောင်ရွက်

ကန့်ဘလူ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၌ ပြည်သူများအတွက် ဘေးအန္တရာယ်ဖြစ်စေသော စားသုံးသူထိနိုင်ခြေမြင့်မားသည့် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိတို့ကို တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ကန့်ဘလူမြို့ အမှတ် (၃) ရပ်ကွက်ရှိ ဆေးဝါးရောင်းချသော စျေးဆိုင်များသို့ သွားရောက်၍ တရားမဝင်ဆေးဝါးများ၊ စံမညီဆေးဝါးများရောင်းချခြင်း ရှိ/မရှိနှင့် ဆေးနှင့်ဆေးပစ္စည်းများ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြသည်။

ဆက်လက်၍ စားသုံးသူများအတွက် ဘေးအန္တရာယ်ဖြစ်စေသော တားမြစ်ဆေးဝါးများ၊ စားသုံးသူထိခိုက်နိုင်ခြေမြင့်မားသည့် တရားမဝင်ဆေးဝါးများ၊ ဆေးဝါး၏ လိုအပ်ချက်အရ ထားသိုသိမ်း ဆည်းခြင်းနည်းလမ်းများ၊ ကျန်းမာရေးအတွက် ဘေးကင်းစိတ်ချရသော ဆေးဝါးများကိုသာ ရောင်းချရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)