မိုးညို ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် မိုးစပါးစိုက်ဧက (၄၈၈၆၀) ဧက စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးညိုမြို့နယ်အနေဖြင့် မိုးစပါးစိုက်ပျိုးရာတွင် ဆင်းသုခ၊ ရတနာတိုး၊ ဆွာနာ၊ YSR ( 1 )၊ ရေအနဲလို (၇) စသည့်စပါးမျိုးများကို အဓိကထားစိုက်ပျိုးလျက်ရှိပြီး ပျိုးထောင်စိုက်ပျိုးခြင်း(၂၃၅၄၀)ဧက၊ မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးခြင်း(၂၄၈၂၀)ဧက၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း(၅၀၀)ဧက စုစုပေါင်းမိုးစပါးစိုက်ဧက (၄၈၈၆၀) ဧကကို လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုလက်ရှိအချိန်တွင် ကောက်စိုက်စက်ဖြင့်(၁၀)ဧက၊ မျိုးစေ့ချကရိယာဖြင့်(၄၈၀၀)ဧက စိုက်ပျိုးပြီးစီး၍ ဆက်လက်စိုက်ပျိုးလျက်ရှိကြောင်း၊ မိုးစပါးအပြင် အခြားမိုးသီးနှံများဖြစ်သည့် မြေပဲ(မိုး) ၂၀၁ ဧက၊ နှမ်း (မိုးကြို/မိုး) ၂၉၅၄၈ ဧကတို့ကိုလည်း လျာထားစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါးအထွက်နှုန်းတိုးတက်ကောင်းမွန်ရေးအတွက် မျိုးကောင်းမျိုးသန့်စပါးများနှင့် စိုက်ပျိုးရေးနည်းစနစ်ကောင်းများကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပြီး စပါးအထွက်နှုန်းတိုးတက်ရေးအတွက် အသုံးပြုသည့် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာချိန်ကိုက်အချိုးကျထည့်သွင်းနိုင်ရေး၊ စပါးဆားရည်စိမ်နည်း၊ စပါးအဖျက်ပိုးမွှားအန္တရာယ်စနစ်တကျကာကွယ်နှိမ်နင်းရေးတို့ကို လမ်းညွှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြားသီးနှံများစိုက်ပျိုးရာတွင်လည်း တောင်သူများအခက်အခဲမရှိစေရေးနှင့် နည်းစနစ်များမှန်ကန်စေရေးအတွက် တောင်သူအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)